အဆုတ်ကျန်းမာရေး ဂရုစိုက်ကြစေချင်

နှာခေါင်းမှ ရှူရှိုက်၍ဝင်လာသော အောက်ဆီဂျင်ကို အဆုတ်တစ်စုံက လက်ခံပေးပြီးနောက် ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများ အားလုံးသို့ ဖြန့်ဝေပေးသောလုပ်ငန်းဆောင်တာကို အဆုတ်က ၂၄ နာရီပတ်လုံး လုပ်ဆောင်ပေးသည်။

ထို့ကြောင့် အဆုတ်တစ်စုံသည် အသက်ရှူလမ်းကြောင်းစနစ်၏ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်သလို ခန္ဓာကိုယ်ကြီး တစ်ခုလုံးအတွက် မရှိမဖြစ်အင်္ဂါ(ကလီစာ)လည်း ဖြစ်သည်။ သက်ရှိလူသားတစ်ယောက်သည် ရက်သတ္တပတ်မျှ အစာမစားဘဲ နေနိုင်သော်လည်း ရက်အနည်းငယ်ကြာ ရေမသောက်ဘဲ အသက်ရှင်နေနိုင်သော်လည်း အကယ်၍ မိနစ်အနည်းငယ်ကြာ အောက်ဆီဂျင် ပြတ်လပ်သွားပါက အသက်ဆုံးရှုံးစေမည်ဖြစ်သည်။ ကျန်းမာနေသော အရွယ်ရောက်ပြီးသူ တစ်ဦးသည် တစ်နေ့လျှင် အကြိမ် ၂၅၀၀၀ နီးပါးခန့်အသက်ရှူလေ့ရှိသည်။ ထို့ကြောင့် အသက်ရှင်ရေးအတွက် ထိုမျှအရေးပါသော အဆုတ်ကို ကျန်းမာနေ စေရန် ထိန်းသိမ်းစောင့်ရှောက်ဖို့လိုသည်။

အဆုတ်ကင်ဆာ အသိပညာပေးကာလ

လူအများ အဆုတ်ကျန်းမာရေး အလေးပေးကြစေရန်ရည်ရွယ်၍ အင်္ဂလန်သုတေသီများက ၁၉၉၅ ခုနှစ်ကစပြီး နှစ်တစ်နှစ်၏ နိုဝင်ဘာလ တစ်လလုံးကို “ကမ္ဘာလုံးဆိုင်ရာ အဆုတ်ကင်ဆာ အသိပညာပေးကာလ – World Lung Cancer Awareness Month” အဖြစ် အထူးတလည် သတ်မှတ်ပေးထားသည်။ ထိုသို့ သတ်မှတ်ရသည်မှာ အကြောင်းရင်းတစ်ရပ်ရှိပေသည်။ World Lung Cancer Awareness Month သည် အဆုတ်ကင်ဆာ၏ လက္ခဏာများကြုံတွေ့ နေရပါက ဆရာဝန်ထံ အလျင်အမြန် သွားရောက် ဆွေးနွေးတိုင်ပင်ရန် ရည်ရွယ်ထားသော ကမ်ပိန်းတစ်ခုဖြစ်သည်။

စောစီးစွာရောဂါရှာဖွေခြင်းသည် အသက်ရှင်နှုန်းကိုမြှင့်တင်ရန် သော့ချက်ဖြစ်သည်။ သို့သော်လူများသည် အချိန်နှောင်းသွား သည်အထိ ၎င်းတို့၏ ရောဂါလက္ခဏာများကို ပေါ့ပေါ့ဆဆ ဖြတ်သန်းတတ်ကြသည်။ ထို့ကြောင့် ဤအသိပညာပေးကာလ (နိုဝင်ဘာလ)သည် အဆုတ်ကင်ဆာရှိသူများနှင့် ၎င်းတို့မိသားစုများက ရောဂါတွင် အာရုံစိုက်ရန်၊ ဝေဒနာသည်အပေါ်ပံ့ပိုးမှုနှင့် အားပေးမှုများကို ပြသရန်နှင့် စောင့်ရှောက်ပေးရန် ရည်ရွယ်သည်။

အဖိတ်အစဉ်များသော အဆုတ်ကင်ဆာ ၂၀ ရာစုအစောပိုင်းကာလအထိ ကမ္ဘာ့လူသားများ အဆုတ်ကင်ဆာကြောင့် ကွယ်လွန်သူ နည်းပါးခဲ့သော်လည်း ၎င်းနောက်ပိုင်းမှာ တဖြည်းဖြည်းနှင့် အဆုတ်ကင်ဆာကြောင့် ကွယ်လွန်သူဦးရေတိုးပွားလာခဲ့သည်။ အဆုတ် ကင်ဆာသည် အမျိုးသားနှင့် အမျိုးသမီးများတွင် ကင်ဆာကြောင့် ဖိတ်စဉ်သေဆုံးမှု၏ အဓိကအကြောင်းရင်းဖြစ်ပြီး ကင်ဆာ သေဆုံးမှုအားလုံး၏ ၂၅ ရာခိုင်နှုန်းနီးပါးသည်လည်း အဆုတ်ကင်ဆာကြောင့်ဖြစ်သည်။ လေ့လာချက်များအရ အူမကြီး၊ ရင်သားနှင့် ဆီးကျိတ်ကင်ဆာစသည့် ကင်ဆာရောဂါသုံးမျိုးကြောင့် သေဆုံးသည့် လူဦးရေစုစုပေါင်းထက် အဆုတ်ကင်ဆာကြောင့် နှစ်စဉ် သေဆုံးသူပိုများကြောင်း တွေ့ရသည်။

အမေရိကန်ကင်ဆာအဖွဲ့အစည်း (American Cancer Society)၏ အဆိုအရ အဆုတ်ကင်ဆာဖြစ်ပေါ်နိုင်သည့် ခန့်မှန်းချက်များမှာ –

အဆုတ်ကင်ဆာ လူနာအသစ် ၂၃၅၇၆၀ ခန့် (အမျိုးသားများတွင် ၁၁၉၁၀၀ နှင့်အမျိုးသမီး ၁၁၆၆၆၀ ခန့်)ဖြစ်နိုင်ကြောင်း၊
အဆုတ်ကင်ဆာကြောင့် သေဆုံးမှု ၁၃၁၈၈၀ ခန့် (အမျိုးသားများတွင် ၆၉၄၁၀ နှင့် အမျိုးသမီးများတွင် ၆၂၄၇၀) ဖြစ်နိုင်ကြောင်း၊
အဆုတ်ကင်ဆာသည် အသက်ကြီးသူများတွင် အဓိကဖြစ်ပွားကြောင်း၊
အဆုတ်ကင်ဆာရောဂါ ရှာဖွေတွေ့ရှိသူအများစုသည် အသက် ၆၅ နှစ်နှင့်အထက်ဖြစ်ကြောင်း၊
ရောဂါရှာဖွေတွေ့ရှိသော လူများ၏ ပျမ်းမျှအသက်သည် ၇၀ ခန့်ဖြစ်ကြောင်း သိရသည်။

အဆုတ်ကင်ဆာဖြစ်ခြင်းအစ ဆေးလိပ်က

မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကင်ဆာရောဂါပညာဆိုင်ရာအဖွဲ့များမှ ပူးပေါင်းကျင်းပခဲ့သော ၂၀၁၅ ခုနှစ် ပထမအကြိမ် ကင်ဆာ ရောဂါဆွေးနွေးပွဲ (1st Joint Cancer Forum, Myanmar 2015) သတင်းများအရ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ ဒေသနိုင်ငံများတွင် ကင်ဆာရောဂါဖြစ်ပွားမှုမှာ နှစ်စဉ်ပိုမို များပြားလာကြောင်း၊ ၎င်းဖြစ်ပွားမှုနှုန်းအရ အရှေ့တောင်အာရှဒေသတွင် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းထားမှာ လာမည့် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ၇၀ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း လေ့လာသိရှိရသည်။ ယနေ့မြန်မာနိုင်ငံတွင် အမျိုးသားများ အဆုတ်ကင်ဆာ သို့မဟုတ် ခံတွင်းကင်ဆာရောဂါအဖြစ်များနေကြပြီး ၎င်းကင်ဆာရောဂါနှစ်မျိုးစလုံးသည် ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းနှင့် ပတ်သက်ဆက်နွှယ်နေသည်။

ကမ္ဘာ့ကျန်းမာရေးသုတေသီများ၏ ၁၉၅၀ ပြည့်နှစ် သုတေသနပြုမှတ်တမ်းများအရ ဆေးလိပ်သောက်ခြင်းက အဆုတ်ကို ပျက်စီးစေနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ သုတေသီများ၏ ဆက်လက်စူးစမ်းဖော်ထုတ်စမ်းသပ်ချက်များအရ ဆေးလိပ်သောက် ခြင်းသည် အဆုတ်ကင်ဆာဖြစ်စေမှုကို ၉၄ ရာခိုင်နှုန်းသေချာကြောင်း အဖြေထွက်ရှိခဲ့ရာ ၁၉၆၂ ခုနှစ်တွင် “အဆုတ်ကင်ဆာ ဖြစ်ခြင်းအစ ဆေးလိပ်က” ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ အဆိုပါ စမ်းသပ်ချက်များအရ ဆေးလိပ်သောက်သူသည် မသောက်သူထက် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၂၄ – ၃၆ ဆပိုများကြောင်း၊ ကိုယ်တိုင် ဆေးလိပ်ကိုမသောက်သော်လည်း တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူမိခြင်းက အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၃ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ထို့ပြင် ဆေးလိပ်စတင် သောက်သုံးသော အသက်အရွယ်၊ ဆေးလိပ်အရေအတွက်၊ ဆေးရွက်ကြီး သို့မဟုတ် စီးကရက်အမျိုးအစား စသည်တို့ပေါ်မူတည်၍ အဆုတ်ကင်ဆာအဖြစ် အနှေးနဲ့အမြန် သက်ရောက်မှုရှိသည်။ ထို့ကြောင့် အဆုတ်ကျန်းမာရေးအတွက် ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးမှုကို အထူးရှောင်ရှားရန် လိုအပ်သည်။

အဆုတ်ကျန်းမာရေး ဂရုစိုက်ကြစေချင်

အထက်တွင် ရေးသားဖော်ပြထားသကဲ့သို့ ဆေးလိပ်မီးခိုးငွေ့ကြောင့် အဆုတ်ပျက်စီးစေသလို စက်ရုံအလုပ်ရုံထွက် ဓာတ်ငွေ့များ၊ စက်တပ်ယာဉ်အမျိုးမျိုးမှ ထွက်ရှိလာသော မီးခိုးများ၊ ရေဒီယိုသတ္တိကြွပစ္စည်းများ၊ Asbestos (ခေါ်) ကျောက်မှုန့်၊ ဖုန်မှုန့်၊ မြေမှုန့်စသည်တို့ကြောင့်လည်း Air Pollution (ခေါ်) ပတ်ဝန်းကျင် လေထုညစ်ညမ်းခြင်းကို ဖြစ်စေကာ အဆုတ်ကျန်းမာရေးအတွက် ကြီးစွာသော ဘေးထွက်ဆိုးကျိုးများ ရစေနိုင်သည်။ သက်ရှိလူတို့သည် အမြဲအသက်ရှူနေခြင်းဖြင့် အသက်ရှင်နေရသည်။ အသက်ရှူ အင်္ဂါအဖွဲ့အစည်းတွင် အဆုတ်နှင့် လေပြွန်များပါဝင်သည်။

အဆုတ်ကျန်းမာရေးအတွက် လေပြွန်များကောင်းမွန်ခြင်း၊ အဆုတ်အတွင်းရှိ လေအိတ်ငယ်များ ကောင်းမွန်ခြင်းနှင့် အဆိပ် အတောက်ကင်းသော လေကောင်းလေသန့်ရရှိခြင်း စသည်တို့လိုအပ်သည်။ လေထုညစ်ညမ်းခြင်းကြောင့် အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်း၊ နှလုံးရောဂါ၊ နာတာရှည် အဆုတ်လေပြွန်ပိတ်ဆို့ရောဂါနှင့် အဆုတ်ကင်ဆာတို့ကို ဖြစ်စေနိုင်သည်။ ထို့ပြင် အသက်ရှူ ကျပ်ခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်းနှင့် နှလုံးရောဂါအခံရှိသူတွေအတွက် နှလုံးရောဂါကို ပိုမိုဆိုးရွား စေသည်။

သို့ပါ၍ အဆုတ်ကျန်းမာရေးချို့တဲ့ကာ ကျန်းမာရေးထိခိုက်ခြင်းနှင့် အသက်သေဆုံးခြင်းများမှကင်းဝေးစေရန် လေသန့်ရှူနိုင်အောင် ဂရုပြုနေထိုင်ခြင်း၊ လေထုညစ်ညမ်းမှုကင်းဝေးအောင် အစီအမံများပြုလုပ်ခြင်း၊ အခန်းတွင်းလေဝင်လေထွက် ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ တီဘီနှင့်ကူးစက်ရောဂါများ မကူးစက်ရအောင် သတိပြုနေထိုင်ခြင်း၊ အသက်ရှူ လေ့ကျင့်ခန်းအပါအဝင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုများပြုလုပ်ခြင်း၊ လုပ်ငန်းခွင်များတွင် အမှုန်အမွှားများ၊ ဓာတ်ငွေ့များ စသည့်အဆုတ်ကို ထိခိုက်စေသည့် အခြေအနေများရှိပါက အကာအကွယ်သုံးခြင်းစသည်ဖြင့် အဆုတ်အတွက်သာမက ဘဝတစ်သက်တာလုံး သက်ရှည်ကျန်းမာအောင် ပြုမူနေထိုင်သင့်ပေသည်။

ထို့ပြင် အသက်ရှူလမ်းကြောင်းစနစ်ကို ကောင်းစွာ အထောက်အပံ့ပေးနိုင်သည့် ဓာတ်စာများဖြစ်ကြသည့် အချဉ်အရသာရှိသော သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ၊ ဝါလိမ္မော်ရောင် တောက်တောက် သန့်ရှင်းလတ်ဆတ်သောသစ်သီးများ ဥပမာ-နာနတ်သီး၊ လိမ္မော်သီး၊ ရွှေဖရုံသီး၊ မုန်လာဥနီတို့ကိုစားသောက်ရင်း အဆုတ်ကျန်းမာရေး ဂရုစိုက်ပေးကြစေလိုကြောင်း အကြံပြုလိုက်ရပါသည်။

crd; ပေါက်ပေါက်