ဆောင်းတွင်းပိုင်းမှာ ဂရုစိုက်သင့်တဲ့ ရောဂါများ

===========

၁။ နှလုံးရောဂါ

နှလုံးရောဂါဟာ ဆောင်းတွင်းမှာ ပိုအဖြစ်များတယ်ဆိုတာကို လူအများစုက မသိကြပါဘူး။

အေးတဲ့အချိန်မှာ သွေးလွှတ်ကြောတွေဟာ ကျုံ့သွားပြီး နှလုံးကနေ သွေးတွေစုပ်ထုတ်ရာမှာ အခက်အခဲဖြစ်စေပါတယ်။

ကိုယ့်မှာ နဂိုတည်းက နှလုံးရောဂါအခံလည်း ရှိတယ်ဆိုရင် ဆောင်းတွင်းမနက်စောစော လမ်းထလျှောက်မယ်ဆိုရင် နေစထွက်ချိန်မှ လျှောက်တာ ပိုမိုသင့်လျော်ပြီး၊ မနက်စာကိုလည်း တနင့်တပိုး မစားသင့်ပါဘူး။

နောက်ပြီး ဆောင်းတွင်းမှာ ညစာကိုလည်း လျှော့စားတာက နှလုံးရောဂါအန္တရာယ်ကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ပါတယ်။

၂။ ရင်ကြပ်ရောဂါ

တစ်ကယ်လို့ သင်ဟာ
ပန်းနာရင်ကြပ်သမားတစ်ဦးဆိုရင် ဆောင်းတွင်းမှာ ပိုဂရုစိုက်သင့်ပါတယ်။

အေးမြပြီး ခြောက်သွေ့တဲ့လေဟာ အသက်ရှုလမ်းကြောင်းကို ပိုမိုတင်းကြပ်စေပြီး အသက်ရှုရ ခက်ခဲစေပါတယ်။

အိမ်မှာမီးခိုးငွေ့လို ရင်ကြပ်စေတဲ့အရာတွေကို ဂရုတစိုက် ရှောင်ရှားသင့်ပြီး၊ အိပ်ယာခင်းများ တစ်ပတ်တစ်ခါလဲခြင်းဖြင့် ရင်ကြပ်ရောဂါကို ကာကွယ်နိုင်ပါတယ်။

၃။ အရေပြားယားယံခြင်း

စိုထိုင်းမှုနည်းပြီး အပူချိန်နည်းခြင်းဟာ အရေပြားကိုယားယံစေပါတယ်။

ဆီများတဲ့ လမ်းဘေးစာတွေ စားခြင်းကို ရှောင်ရှားခြင်းဖြင့် အရေပြားယားယံခြင်းကို ကာကွယ်နိုင်ပါတယ်။

ရေနွေးကြမ်း ပူပူလေးကို ထန်းလျက်ခဲနဲ့စားခြင်း၊ အရေပြားမှာ သံလွင်ဆီ လိမ်းထားခြင်းတို့နဲ့လည်း အရေပြားယားယံခြင်းကို ကာကွယ်တားဆီးနိုင်ပါတယ်။

၄။ အရိုးအဆစ်ကိုက်ခဲခြင်း

အရိုးအဆစ်ကိုက်ခဲခြင်းဟာလည်း ဆောင်းတွင်းမှာ ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးပါပဲ။

အဝတ်အထည် နှစ်ထပ်ဝတ်ပြီး နွေးနွေးထွေးထွေးနေခြင်း၊ သွေးပူအောင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်းတို့နဲ့ အရိုးအဆစ်ကိုက်ခဲခြင်းကို ကာကွယ်နိုင်ပါတယ်။

နေရောင်ခြည်နွေးနွေးအောက်မှာ နေပူစာလှုံခြင်းဟာလည်း အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

၅။ နှာပိတ်ခြင်း

ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာပိတ်ခြင်းတို့ဟာလည်း ဆောင်းတွင်းမှာအဖြစ်များတာမို့ သတိထားသင့်ပါတယ်။

လေဝင်လေထွက် မကောင်းရင်လည်း နှာပိတ်တတ်ပါတယ်။

နှာပိတ်ခြင်းကို လုံလောက်စွာ အနားယူခြင်း၊ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကို စားသုံးပေးခြင်း၊ အရည်များများသောက်ခြင်း၊ အအေးမမိအောင်နေခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။

ကုသမှုအပိုင်းကတော့ ဂျင်းပြုတ်ရည် သောက်ပေးတာတို့၊ သစ်ကြံပိုးခေါက်မှုန့် ထည့်ထားတဲ့ လက်ဖက်ရည်သောက်ပေးတာတို့နဲ့ ကုသပေးနိုင်ပါတယ်။