အိန္ဒိယတွင် မြစ်ကူးကြိုးတံတား ပြတ်ကျမှု သေဆုံးသူ ၁၄၁ ဦးရှိလာပြီး အများအပြား ပျောက်ဆုံးနေဆဲ

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ် ပြည်နယ်တွင် ယမန်နေ့အောက်တိုဘာ ၃၀ရက်နေ့ တနင်္ဂနွေနေ့ ညဦးပိုင်းက မြစ်ကူးကြိုးတံတားတစ်စင်း ပြိုကျခဲ့ရာ တွင် ကလေး သူငယ်များ အပါအဝင် သေဆုံးသူ ၁၄၁ ဦးအထိ ရှိလာပြီး နောက်ထပ် အများအပြား ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

အင်္ဂလိပ်ကိုလိုနီလက်ထက်တွင် တည်ဆောက်ခဲ့သည့် အဆိုပါ လူကူးကြိုး တံ တားသည် နှစ်ပေါင်း ၁၅၀ ဝန်းကျင် သက်တမ်းရှိနေပြီဖြစ်ပြီး ပြိုမကျမီ မကြာသေးခင်ကမှ ပြင်ဆင်ပြီး၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယ အာ ဏာပိုင်များက ပြောသည်။

အိန္ဒိယနိုင်ငံတွင် ဒေဝါလီပွဲတော်ကာလဖြစ်၍ အားလပ်ရက် အလည်အပတ်အဖြစ် တံတားပေါ်တွင် လူပေါင်းရာနှင့် စုဝေးနေစဉ် တံတားကျိုးကျခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ အများစုမှာ ကလေးငယ်များ

အမျိုးသမီးတွေနှင့် သက်ကြီးရွယ်အိုများဖြစ်ကြသည်။

တံတားကျိုးကျစဉ်မှာ လူအများအပြားသည် မြစ်ထဲကို ပြုတ်ကျခဲ့၍ ရေနစ်သေဆုံးကြခြင်းဖြစ်ပြီး ပျောက်ဆုံးသူများလည်း ရှိနေကာ ကယ်ဆယ်ရရှိထားသူ အရေအတွက်က ၁၇၇ ဦးကျော်အထိ ရှိကြောင်း အာဏာပိုင်များက ဆိုသည်။

အဆိုပါ ကြိုးတံတားသည် လူကူးရန် သက်သက်အတွက်သာ တည်ဆောက်ထားခြင်းဖြစ်ပြီး အရှည် ပေ ၇၀၀ ကျော်နှင့် အကျယ်အဝန်းက ၅ ပေခန့်လောက် ရှိကာ နောက်ပိုင်းတွင် တံတားကို လူကူးဖို့ထက် အလည်အပတ်နေရာအဖြစ် လာရောက်ကြခြင်းဖြစ်သည်။

အောက်တိုဘာ ၃၀ ရက်နေ့ တနင်္ဂနွေနေ့က ကြိုးတံတားပေါ်ကို စုရုံးရောက်ရှိသူ စုစုပေါင်း ၅၀၀ လောက်ရှိမည်ဟု ခန့်မှန်းထားပြီး တံတားသည် ခံနိုင်ဝန်ထက် ပိုများသည့်အတွက် ကျိုးကျခဲ့ခြင်းဖြစ်ကြောင်း ကနဦး ယူဆထားသည်။

ဂူဂျာရတ်ပြည်နယ်သည် လက်ရှိ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ဇာတိမြေဖြစ်ပြီး သေဆုံးသူများအတွက် နစ်နာကြေးများ ပေးသွားမှာဖြစ်ကြောင်းနှင့် အသက်ဆုံးရှုံးရသူများအတွက် အလွန်ပင် ကြေကွဲ ဝမ်းနည်းရကြောင်း မိုဒီက ပြော သည်။

အောက်တိုဘာ ၂၉ ရက်နေ့ စနေနေ့ညပိုင်းက တောင်ကိုရီးယား တစ္ဆေကြီးပွဲတော်တွင် လူအုပ်ပိ၍ ၁၅၀ ကျော် သေဆုံးခဲ့သည့် ဖြစ်ရပ်ပြီး ဆက်တိုက်ဆိုသလို နောက်ထပ် အာရှနိုင်ငံတစ်ခုတွင် လူပေါင်းရာချီ သေဆုံးသည့် မတော် တဆမှု ဖြစ်သည်။