သက်သာဆိုင်(Canteen)

နာမည်က သက်သာဆိုင်။
စစ်သည်တစ်ချို့အခေါ်က
” သမ ” ဆိုင်တဲ့…။
တစ်ချို့ကတော့ Canteen လို့
ခေါ်ဆိုကြပြန်တယ်။
ထားပါတော့….။
သက်သာဆိုင်ဆိုတာက
တပ်တွေမှာ ရှိလေ့ရှိပါတယ်..။
အနီးစပ်ဆုံး ကျွန်တော့်တပ်က
သက်သာဆိုင်အကြောင်း ပြောပြမယ်..။
သက်သာဆိုင်ဆိုပေမဲ့ စစ်သည်လူပျိုတွေ
အိမ်ထောင်သည်တွေအတွက်တော့
အာလာဒင်မီးခွက်လိုပဲ…။
အပေါင်းအသင်းတွေရဲ့ “ဇေ”လို အရက်ကနေ Grand Royal, High Class, Royal Club လိုမျိုးတွေ၊ စပ်ဆီလို့ခေါ်တဲ့ ဘီအီး
အရက်စပ်တွေ၊ ခွဲတမ်းရနေကြ အာမီရမ်
မျိုးမျိုးမြတ်မြတ်တွေ…။
လိမ္မော်ဖြူလို, ဆေးမကျီးလို
အရသာစပ်ထားတဲ့
အရက်တွေကလည်း ထုနဲ့ထေး…။
တာဝန်ချိန်ပြီးရင် ရေမိုးချိုး
သက်သာဆိုင် TV က ပြတဲ့
သီချင်းလေးတွေနားထောင်..
ပဲခြမ်းသုတ်တစ်ပွဲ၊ လဘက် အဖိုးကြီးသုပ်
တစ်ဖုံ၊ တခါတရံ လယ်ကြွက်ကင်
လိုမျိုးက တစ်ဆန်း…
သာယာပါဘိတောင်း..။
တပ်ခွဲစိုက်ခင်းတွေက လာရောင်းတဲ့
ကန်စွန်းရွက်တွေကို ဆီပူထိုးထားတဲ့
ကန်ဇွန်းပလိန်း…။
တပ်ရင်းလယ်က ချောင်းစပ်တွေမှာ
ထောင်းပြီးရတဲ့ ငါးကြော်က တစ်ဖုံ
အမြည်းက စုံလှပေတယ်..။
ဆိုင်ရှင် ဆရာကြီးကတော်က
စေတနာပိုထားတဲ့ မြေပဲဆားလှော်၊
တစ်ခါတစ်ရံ ငါးချဉ်သုပ်လေးတွေက
လည်း လျှာရင်းမြက်စေတယ်…။
သူ့ဝိုင်းနဲ့သူ…ရန်မဖြစ်ဘူး။
စကားမများဘူး…TV Remote
လုရင်း စကားများတာတော့ ရှိတာပေါ့…။
အစ်မရေ… ထုံးစံအတိုင်း ဆို
ဆိုင်ရှင်က ပေါက်ပြီ…။
အရက်ဖြူတစ်ခွက်နဲ့ မြေပဲဆားလှော်
လာချပြီ….။
ခွက်ကို အသာကိုင်ရင်း
သောက်နေပုံက အာဂပါးစပ်
လူဖြစ်ကျိုးနပ်ရလေသလို…။
ပွတ်ချွန်းလေးဖွာရင်း
TV က သီချင်းကို
စည်းချက်လိုက်နေပုံများ
ခင်ဗျားကို တွေ့စေချင်တယ်..။
ကလေးထိန်းသလိုနဲ့ ခွက်ပုန်းလာကစ်ပြီး
နောက်မှ ရှင်းမယ်ပြောတဲ့ စစ်သည်တွေ
ရှိသလို….
တာဝန်ကြပ်ကြီးလက်ပါတ်နဲ့
သွားရေယိုရင်း ဆိုင်ထောင့်မှာ
စည်းကမ်းထိန်းနေတဲ့ အကြပ်ကြီးတွေ
လည်း ရှိနေတာပါပဲ….။
စစ်သည်တွေ ဆိုင်ပိတ်ချိန်ရောက်ပြီ
ဆိုတာတောင် ပါဆယ်တော့လုပ်ပါဆိုတဲ့
သူတွေလည်း မနည်းပါဘူး… ။
ကလေးလက်ဆွဲပြီး
“ဟဲ့..မသာ
နင့်မှာ သားနဲ့မယားနဲ့
အခုထိ အရက်ကို မပြတ်သေးဘူးလား
ဆိုတဲ့
ပါရမီဖြည့်ဖက်တွေရဲ့အခေါ်မှာ
ယက်ကန် ယက်ကန်ပါသွားရင်း
“ယောက်ဖရေ
မနက်ဖြန်မှ ထပ်ကစ်မယ်ကွာ
အခု ငါ့အောက်ခံခုံလာပြီး ဂျီပူ တိုက်နေပြီ”
ဆိုတဲ့ လူကြမ်းကြီးတွေ… ။
တချို့က တိုက်ပွဲအကြောင်းတွေ
စားမြုံပြန်ကြတယ်..တစ်ချို့က
လှံစွပ်ကျင်းတစ်နက်စာထဲက
ရောင်းရင်းတွေကို တရင်း
မျက်ရည်ဝဲကြတယ်….။
ဗိုလ်ကြီးမွေးနေ့ဆိုပြီး
လာသမျှလူ အဝတိုက်တဲ့
ဗိုလ်ကြီးတွေ ရှိတတ်သလို
တပည့်ကို ချစ်ရင်
သွေးပူလေ့ကျင့်ခန်းလေး
ကစ်သွားပါဦးဗိုလ်ကြီးဆိုတဲ့
ရဲဘော်တွေလည်း ရှိနေပြန်တယ်…။
လှည့်ကွက်မရှိဘူး။
ချောက်မတွန်းဘူး။ မယုတ်မာဘူး…။
မူးလာရင် E လိုတွေ မှုတ်တဲ့
စစ်သည်တွေရှိသလို
ဟာသတွေပြောရင်း
တစ်ဝိုင်းကတစ်ဝိုင်းကို ကူးပြီး
ဇာတ်စုံခင်းတဲ့သူတွေလည်း
ရှိနေသေး…..။
ဒေါသအများဆုံးပါတာက
တပ်ခွဲ Fan ငွေ ဖြတ်တာများတာရယ်😁
ဖက်ထိပ်ကြမ်းတာရယ်…..
ရှေ့တန်းပြီးရင် Refit ဝင်ရတာရယ်…
တပ်ရင်းမှူး အစည်းအဝေးအချိန်
ကြာတာရယ် ဒီလောက်ပါပဲ……။
သူတို့ စကားဝိုင်းမှာ
အများဆုံးပါတာက
ဘယ်ဂွင်က ဘယ်တိုက်ပွဲမှာ
ဘယ်လောက် ကြမ်းခဲ့တယ်
ဆိုတာပဲ….။
နိူင်ငံရေး မပါဘူး
အာဏာကိစ္စတွေ မပါဘူး…။
တချို့တွေ တွေးသလို
အာဏာဆိုတာ သေနတ်ပြောင်းဖျားမှာ
ဆိုတာတွေ မပါဘူး….။
အဆဲတော့ ပါရင်ပါမယ်
အကောက်ကြံမှာတော့ မပါဘူး….
ယုတ်မာမှာ မပါဘူး…။
မီးပိတ်ခရာမှုတ်ရင်
ဆိုင်ပိတ်တော့မယ်
အပြောမှာ ဆိုင်ရှင်သမီးကြီးကို
ကြက်ဖရစ်သလို တစ်ချက်ရိူးပြီး
ညီမလေးရေ….အကိုကြီးဖို့
အာမွှေး…..ဗမာဆေးလေးဆိုပြီး
ကွမ်းယာလေးဝယ်၊ ရေချိန်မှန်နေတဲ့
တစ်ယောက်လက် တစ်ယောက်တွဲလို့
အဆောင်ပြန်ကြပြန်တယ်….။
ဒီလိုနဲ့ ထွက်ချည်ဝင်ချည်ပါပဲ။
နောက်တန်းဝင်တာပြီးရင်
ရှေ့တန်းထွက်ကြပြန်ရော….။
ဒီလိုနဲ့ သက်သာဆိုင်လေးဆီ
ပြန်ရောက်မလာနိုင်တော့တဲ့သူတွေ၊ ခြေထောက်ပြန်မပါတော့တဲ့သူတွေ၊
ရေကြည်ရာမြက်နုရာ
တပ်ပြောင်းသွားသူတွေ
အစီစီရှိနေပေမဲ့ သက်သာဆိုင်လေးက
လူမပြတ်ခဲ့ပါဘူး………..။
ခင်ဗျားကြုံရင်
သွားသောက်ကြည့်ပါ…….။
ဆိုင်ရဲ့ အကြွေးစာရင်းဟောင်း
(ဆပ်ပြီးသား)မှာ 😀😀 ဆိုတာ
လေးများတွေ့ရင် သေချာပါတယ်….။
ကျွန်တော့်ရနံ့တွေ သက်သာဆိုင်
လေးမှာ ကြွင်းကျန်နေသေးတယ်
ဆိုတာ….။