သရဏဂုံဆိုင်ရာမှတ်သားဖွယ်

သရဏဂုံတည်မှု၊ သရဏဂုံပျက်မှု၊
နှစ်ခုလုံးသည် ရှိခိုးခြင်းစသည်ကို ပြုသူ၏
နှလုံးသွင်း စိတ်ထားအပေါ် ၌ မူတည်နေသည်။
သရဏဂုံပျက်မပျက်
နတ်၊ ဘိုးတော်များကို တစ်လောကလုံးတွင်
အမြတ်ဆုံး အလှူခံပုဂ္ဂိုလ်ဟု နှလုံးသွင်း
မှတ်ယူမှုမျိုး မဟုတ်ဘဲ၊ မမှတ်ယူဘဲ။
ဘေးအန္တရာယ်ပြုမည်စိုးသောကြောင့်၊
စီးပွားလာဘ်လာဘ တိုးတက်စေလိုသောကြောင့်၊
စသည် ဤအကြောင်းမျိုးတို့ကြောင့် ထို
အိမ်တွင်းနတ်စင်တို့၊ ရွာနတ်စင်တို့မှာ
“ဗလိနတ်စာကြွေး”တဲ့ အနေနဲ့ ပူဇော်ပသမှု၊
ရှိခိုးမှုကိုပြုရုံနဲ့တော့ မူလသရဏဂုံ မပျက်ပါဘူး။
သရဏဂုံ တည်ပြီးတဲ့ ဗုဒ္ဓဘာဝင်တစ်ဦးသည်
ရတနာသုံးပါးမှ တစ်ပါး တခြား နတ်၊
ဘိုးတော်၊ စသည်တို့တွင် တစ်ဦးဦးကို
“တစ်လောကလုံးတွင် အမြတ်ဆုံးအလှူခံပုဂ္ဂိုလ်”ဟု
နှလုံးသွင်းကာ ရှိခိုးခြင်း စသည်တို့ကို ပြုလျှင်တော့
မူလဆောက်တည်ထားသည့် သရဏဂုံ ပျက်ပါတယ်။
နတ်၊ ဘိုးတော်များကို …
“တစ်လောကလုံးတွင် အမြတ်ဆုံးအလှူခံပုဂ္ဂိုလ်”ဟု
ယုံကြည်ပြီး မြတ်မြတ်နိုးနိုး ကိုးကွယ်နေရင်တော့
မိစ္ဆာဒိဋ္ဌိ = အယူမှားတဲ့ ကိုးကွယ်မှုဖြစ်ပါတယ်။
“ကိုးကွယ်” ဟူသော ဝေါဟာရကို
မြန်မာအဘိဓာန်၌ သုံးနက်ဖွင့်ဆိုထားပါတယ်။
(၁)။ ဆည်းကပ်ပူဇော်အားထားသည်။
(၂)။ အားထားမှီခိုသည်။
(၃)။ နတ်ပူဇော် ပသသည်။
သရဏဂုံအရ
▪️ရှိခိုးခြင်း၊
▪️ခရီးဦးကြိုဆို ခြင်း၊
▪️လက်အုပ်ချီခြင်း၊
▪️အရိုအသေပြုခြင်းတို့သည်လည်း
သရဏဂုံ= ကိုးကွယ်မှုပင်ဖြစ်၏။
အကျဉ်းချုပ်စိစစ်ရလျှင်
တစ်လောကလုံးတွင် အမြတ်ဆုံး
အလှူခံပုဂ္ဂိုလ် (အဂ္ဂဒက္ခိဏေယျ) ဟု
နှလုံးသွင်းမှတ်ယူကာ နတ်၊ ဘိုးတော်၊
စသည်များကို ကိုးကွယ်လျှင် ၊ ရှိခိုးမှု၊
ခရီးဦးကြိုဆိုမှု ၊ အရိုအသေပြုမှု ၊
လက်အုပ်ချီမှုတို့ကို ပြုလျှင်
မူလ သရဏဂုံ ပျက်ပါသည်။

တစ်လောကလုံးတွင် အမြတ်ဆုံး
အလှူခံပုဂ္ဂိုလ်ဟု နှလုံးသွင်းမှတ်ယူမှုမျိုး
မရှိဘဲ ၊ မပူဇော် မပသလျှင် ၊ မရှိခိုးလျှင် ၊
ဘေးအန္တရာယ်ပြုမည် ​စိုးသောကြောင့်လည်းကောင်း၊
စီးပွားလာဘ်လာဘ တိုးတက်စေလိုသော
အကြောင်းစသည် တို့ကြောင့်လည်းကောင်း
ထို နတ်၊ဘိုးတော်၊ စသည်တို့အား ပူဇော်ပသမှု၊
ရှိခိုးမှုကိုပြုလျှင် မူလသရဏဂုံ မပျက်ပါ။
သတိပေးချက်
ရတနာသုံးပါးထက် မကျော်လွန်မိဖို့
အထူးသတိပြုသင့်၏။
ဘုရားကို ဆွမ်း၊ ရေချမ်း၊ ဆီမီးတို့ကို
ကပ်လှူပူဇော်ရန် သတိမရကြသော်လည်း။
နတ်ပွဲ၊ ဘိုးတော်ပွဲများမှာ အုန်းသီး၊
ငှက်ပျောသီး၊ ပန်းစသည်တို့ မညှိုးနွမ်း
မခြောက်ရလေအောင် အထူး
ဂရုစိုက်သူများရှိကြ၏ မလုပ်သင့်ပေ။
နတ်၊ ဘိုးတော်တို့၏ ရုပ်တု၊
ရုပ်ပုံများကိုလည်း ဘုရားစင်တွင်
ဘုရားနှင့် တစ်တန်းတည်း
တင်ထားကိုးကွယ်ကြ၏
လုံးဝ မပြုလုပ်သင့်ပေ။
အထူးသတိထားသင့်ပါသည်။
ဤ အပြုအမူများသည် နတ်၊ဘိုးတော်တို့ကို
ရတနာသုံးပါထက် ပိုပြီး အမြတ်ထားသည့်
သဘော သက်ရောက်နေသည့် အတွက်
မူလ သရဏဂုံ ပျက်နိုင်ပါသည်။
ထို့ကြောင့် …
နတ် စသူတို့ကို ကိုးကွယ်သူများသည်
နတ်၊ ဘိုးတော် စသူတို့ထက် ရတနာသုံးပါးကို
ပိုပြီး ဂရုတစိုက် ကိုးကွယ်ဆည်းကပ်ကြရမည်။
ရတနာသုံးပါးကို ထိုရိုးရာနတ်များထက်ပိုပြီး
အမြတ်တနိုးထားနိုင်ပါမှ၊ ဂရုစိုက်နိုင်ပါမှ ၊
ရတနာသုံးပါးနဲ့ အနေနီးပြီး အသိဉာဏ်ပညာဖြင့်
ကိုးကွယ် တတ်လာမည်၊ ယုံကြည်လာမည်ဖြစ်သည်။
ရတနာသုံးပါးကို ကိုးကွယ်ခြင်းသည်
ကုသိုလ် ၊ အကုသိုလ် ၊ ခွဲခြားသိစေရန်၊
အမှန်တရားကို သိရှိစေရန် ၊
အပါယ်ဒုက္ခမှ ကင်းလွတ်စေရန်၊
သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်စေရန် ၊
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန်
အသိဉာဏ်ပညာဖြင့် ကိုးကွယ်ခြင်းဖြစ်သည်။
“အသိဉာဏ် ပညာဖြင့် ရတနာသုံးပါးကို
ကိုးကွယ်မှသာ သရဏဂုံ တည်မြဲမည်
ခိုင်မြဲမည်” ဟု သိရှိပြီး ရတနာသုံးပါးကို
မှန်မှန်ကန်ကန် အသိဉာဏ်ပညာဖြင့်
ကိုးကွယ်နိုင်ပါစေသတည်း။