တောင်းပန် ခွင့်လွှတ် သီတင်းကျွတ်

🔷🔶🔸🔹🔹🔸🔶🔷

အခုလို သီတင်းကျွတ်ကာလ ရောက်တိုင်း .. မြတ်စွာဘုရားရှင်နဲ့ အရှင်သာရိပုတ္တရာ တို့ရဲ့ အပြန်အလှန် ပြောစကားတွေကို ကြားယောင်မိပါတယ်။

မြတ်စွာဘုရားက ရဟန်းတော်တွေဘက်ကို စောင်းငဲ့ပြီး

“ ချစ်သား တို့ .. ငါဘုရားရဲ့ အပြုအမူ၊ အပြောအဆိုမှာ သင်တို့မကြိုက်တဲ့အချက် ဝေဖန်စရာ၊ ပြောစရာ အပြစ်အနာအဆာရှိရင် ဝေဖန်ပေးကြ၊ ပြောပေးကြ၊ ငါဘုရား တောင်းဆိုပါတယ်” တဲ့။

သည်အခါမှာ အရှင်သာရိပုတ္တရာ က မတ်တပ်ရပ် လက်အုပ်လေးချီပြီး

“ မြတ်စွာဘုရား .. မြတ်စွာဘုရားမှာ အပြစ်ရယ်လို့ မမြင်မိသလို ဝေဖန်စရာ အပြစ်ရယ်ကို မရှိပါဘူး၊ မြတ်စွာဘုရား ဟောလို့သာ တပည့်တော်တို့ အကျင့်ထူး၊ အသိဉာဏ်ထူးများ ရရခြင်းဖြစ်ပါတယ်၊ တပည့်တော်အပေါ်မှာသာ မြင်မိတဲ့ အပြစ်ရှိရင် ဝေဖန် ထောက်ပြပေးပါဘုရား” တဲ့။

မြတ်စွာဘုရားရှင် ကလည်း

“ သာရိပုတ္တရာ .. သင့်မှာလည်း ပြောစရာ အပြစ်မရှိပါဘူး၊ ပြောစရာ အပြစ်မရှိတဲ့အပြင် ဉာဏ်ပညာ ကြီးပြီး ငါဘုရားရဲ့ တရားကို ငါဘုရားဟောသလို ဟောနိုင်ပါပေတယ်” လို့ ချီးကျူးတော်မူပါတယ်။

အရှင်သာရိပုတ္တရာက ဘုရားရှင်ကို အပြစ်ထောက်ပြပါလို့ လျှောက်ထားတာဟာ တပည့်က ဆရာကို ပြောရိုးပြောစဉ်မို့ သိပ်မထူးခြားပေမယ့် ဘုရားရှင်က သူ့ကိုယ်သူကို အပြစ်ထောက်ပြဖို့ မိန့်တာက ဆရာက တပည့်တွေကို ဝေဖန်ဖို့ ဖိတ်ခေါ်တဲ့ အရာမို့ အံ့ဖွယ်သရဲ ထူးကဲပါတယ်။

မြတ်စွာဘုရားဆိုတာ ကိလေသာမှန်သမျှ ဝါသနာစရိုက်က အစ ပယ်သတ်ပြီးသား ဖြစ်တဲ့အပြင် သဗ္ဗညုတရွှေဉာဏ်ရှင်မို့ ဘုရားအဖြစ်ရောက်ပြီးတည်းက အမှားတစ်ခုမှ လုပ်ထားမိစရာ မရှိသလို ကိုယ့်ကိုယ်ကို မလုံလို့ သည်လိုမေးတာမဟုတ်ပါဘူး၊ နောင်ကာလမှာ လူယဉ်ကျေးတွေ စံနမူနာ ယူနိုင်စေဖို့ ခုလို ဖိတ်မံခဲ့တာဖြစ်ပါတယ်။

အဲသည့်မတိုင်မီ ကာလတစ်ခုမှာ ကောသလတိုင်းက ရဟန်းတော်တွေ ဝါတွင်းသုံးလလုံး အငြင်းအခုန်မလုပ်မိအောင် “ဝစီပိတ်” ကျင့်ကြတာကို သိတော်မူတဲ့အတွက် ဘုရားရှင်က အကြီးအကျယ် ရှုံ့ချတော်မူခဲ့ဖူးပါတယ်။ “ဝစီပိတ်” ကျင့်တာကို ရှုံ့ချတဲ့အပြင် သီတင်းကျွတ်လပြည်နေ့မှာ သံဃာတော်များ စုရုံးစေပြီး “ တစ်ပါးအပြစ်ကို တစ်ပါးက မြင်ရင် ထောက်ပြဝေဖန်ဖို့ အပြန်အလှန် ဖိတ်ကြားအပ်နှံရမယ်” လို့ ဒေသနာအာဏာတော်နဲ့ ပညတ်ခဲ့ပါတယ်။
သည်လို သီတင်းကျွတ်လပြည့်ရောက်တိုင်း ထောက်ပြဝေဖန်ဖို့ ဖိတ်ကြားတောင်းပန်တာကို သာသနာတော်အသုံးအနှုန်း “ပဝါရဏာ” ပြုတယ်လို့ ခေါ်ပါတယ်။

ဘုရားရှင် ချမှတ်ခဲ့တဲ့ သံဃာတော်ရဲ့ “ပဝါရဏာ” ပြုခြင်း လမ်းစဉ်ကို ရှေးဗုဒ္ဓဘာသာဝင်များက ကြည်ညိုနှစ်သက်ကြတဲ့အတွက် လူတွေအချင်းချင်းမှာလည်း အပြစ်ထောက်ပြဖို့ တောင်းပန်ခြင်း၊ အပြစ်ကို သိရှိ ကုစားခြင်း၊ ခွင့်လွှတ်ခြင်း တို့ကို ကျင့်သုံးလာရာကနေ သီတင်းကျွတ်ကာလတွေမှာ လူကြီး၊ မိဘ၊ ဆရာသမားတွေကို တောင်းပန်ကန်တော့တဲ့ အစဉ်အလာပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

တောင်းပန်တယ် ဆိုတဲ့ နေရာမှာ တပည့်တွေကပဲ ဆရာကို တောင်းပန်ရမှာ မဟုတ်ပါဘူး၊ သားသမီးတွေပဲ မိဘကို တောင်းပန်ရမယ် မဆိုလိုပါဘူး၊ အငယ်ကပဲ အကြီးကို တောင်းပန်သင့်တယ် မရှိပါဘူး။

တစ်လောကလုံးရဲ့ ဆရာ၊ တစ်လောကလုံးထက် ကြီးတဲ့ ဘုရားရှင် တောင် သူ့ကိုယ်ကို အပြစ်ထောက်ပြဖို့ ဖိတ်ခေါ်ခဲ့တာပဲလေ၊ ဆရာက တောင်းပန်သင့်ရင် တောင်းပန်ရပါမယ်၊ မိဘက တောင်းပန်သင့်ရင် တောင်းပန်ရပါတယ်၊ အကြီးက တောင်းပန်သင့်ရင် တောင်းပန်ရမှာပါပဲ။

အပြန်အလှန်သဘောနဲ့ ပြောမယ်ဆိုရင်လည်း ဆရာက သာ ခွင့်လွှတ်ရမယ့်သူ မဟုတ်ပါဘူး၊ တပည့်မှာလည်း ခွင့်လွှတ်နိုင်ရပါမယ်၊ မိဘကပဲ ခွင့်လွှတ်နေသူ မဟုတ်ဘဲ သားသမီးကလည်း ခွင့်လွှတ်တတ်သူ ဖြစ်ရပါမယ်၊ အကြီးဖြစ်မှပဲ ခွင့်လွှတ်နိုင်စွမ်းရှိသူ မဟုတ်ဘဲ အငယ်ဖြစ်နေလည်း ခွင့်လွှတ်ခြင်းပြည့်စုံသူ ဖြစ်ရပါမယ်။

တောင်းပန်တယ် ဆိုတိုင်းလည်း အမှားလုပ်မိမှ တောင်းပန်ရမှာ မဟုတ်ပါဘူး။ အမှားကင်းတဲ့ တရားသနင်း ဘုရားမင်းတောင် လူယဉ်ကျေးပီသစွာ အပြစ်ကို ထောက်ပြဖို့ တောင်းဆိုသေးတာ၊ အမှားတွေ ပလူပျံနေတဲ့ လူသာမန်တွေမှာ ပိုလို့တောင် တောင်းပန်သင့်ပါတယ်။ ကိုယ့်ဘက်က ရည်ရွယ်ချက်ရှိရှိ အမှားမလုပ်ထားမိတောင် တစ်ဖက်သားမှာ ခံစားခဲ့ရတာတွေ ရှိကောင်းရှိနေနိုင်တာပဲလေ။

တောင်းပန်တဲ့ အဓိက ရည်ရွယ်ချက်ကိုက တစ်ဦးနဲ့ တစ်ဉီးကြား မာန်မာန၊ အမုန်းအာဃာတ မထားဖို့၊ မဖြစ်စေဖို့နဲ့ ခွင့်လွှတ်တဲ့ ရည်ရွယ်ချက်ကိုကလည်း နားလည်မှု၊ ချစ်ကြည်မှု၊ စည်းလုံးမှုကို ဖြစ်ပေါ်စေဖို့ပါ။

Credit
သီတင်းကျွတ်လပြည့်နေ့2022