AA အဖွဲ့မှ လူနာများနှင့် ရိက္ခာများသယ်ရန်ဟုဆိုကာ ဒေသခံများအား ဖမ်းဆီးခေါ်ဆောင်နေ

  AA သောင်းကျန်းသူအဖွဲ့အနေဖြင့် နှစ်ဖက်တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားရာ ဒေသရှိ ကျေးရွာသားများ “၎င်းတို့၏လူနာများနှင့် ရိက္ခာများသယ်ရန်အတွက်”ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်၊ အောင်ဇေယျကျေးရွာသို့ ULA/AA ဒုနိုင်ငံရေးမှူး မင်းထီးဆိုသူ ရောက်ရှိလာပြီး ကျေးရွာမူလတန်းကျောင်းတွင် အောင်ဇေယျကျေးရွာနှင့် အောင်သာယာကျေးရွာမှ တစ်အိမ်တစ်ယောက်ခေါ်ယူကာ ၎င်းတို့ အဖွဲ့ဝင်လူနာများနှင့် ရိက္ခာများသယ်ယူရန်ရှိသဖြင့် ကျေးရွာ ၁ ရွာ စီမှ ရွာသား ၂၀ စီ စေလွှတ်ပေးရန်နှင့် မရောက်လာသည့်ရွာအား မီးရှို့မည်”ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

 ယင်းနေ့မှာပင် ပလက်ဝမြို့နယ်ဘက်မှတစ်ဆင့် ကျောက်တော်မြို့နယ်၊ ဝက်မကျ ကျေးရွာသို့ ရောက်ရှိလာသည့် AA ဒဏ်ရာရ လူနာ ၄၂ ဦးအား ပို့ဆောင်ရန်အတွက်ဟုဆိုကာ ဝက်မကျေးရွာသားများအား အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ULA/AA အဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။

 အဆိုပါကိစ္စနှင့်ပက်သက်၍ ၎င်းမှ “လူနာတွေလိုက်ပို့တဲ့သူတွေ(AA အဖွဲ့)က ကျနော်တို့ရွာအထိ လိုက်ပို့ပြီး စစ်ဖြစ်နေတဲ့နေရာကို ပြန်သွားကြတာ၊ ပါလာတဲ့လူနာတွေက ထရွန်အိုင်နဲ့နှုံးဘူးက စစ်စခန်းကိုတိုက်တဲ့သူတွေ၊ လေယာဉ်ဗုံးနဲ့ အမြောက်ထိတဲ့သူတွေများတယ်၊ ခြေပြတ်လက်ပြတ်တွေအများကြီးပဲ၊ လမ်းမှာဆေးမမှီလို့ သေသွားတဲ့သူတွေလည်း ရှိသလို စခန်းအခြေမှာ သေပြီးကျန်ခဲ့သူတွေလည်း ရာချီနေပြီတဲ့၊ တွေ့လိုက်ရသလောက်ကတော့ ဒီကနေ စက်လှေအကြီး ၁ စီး၊ အသေး ၂ စီးနဲ့ ကုလားတန်မြစ်ကြောင်းအတိုင်းဆင်းသွားတာ၊ လူနာတွေကို  ရွှေပြည်ရွာဟောင်း တစ်ဆင့် လက်ပံတဲစုရွာက သူတို့စခန်းကိုပို့မှာလို့တော့သိရတယ်” ဟု ပြောသည်။

  AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ ချင်းပြည်နယ်၊ ပလက်ဝဒေသရှိ ထရွန်အိုင်နဲ့နှုံးဘူး စစ်စခန်း ၂ ခုအား အင်အားများစွာဖြင့် တိုက်ခိုက်လျက်ရှိရာ ယနေ့အချိန်ထိ သိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲ စစ်တပ်ဘက်မှလည်း အမြောက်ပစ်ကူ၊ လေယာဉ်ပစ်ကူများဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်လျက်ရှိနေကြောင်း သိရှိရသည်။