အမြင်အာရုံနှင့် အသက်အရွယ်

လူခန္ဓာကိုယ်တွင် မျက်စိသည် အမြင်အာရုံကို ပေးစွမ်းသောကြောင့် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ကောင်းမွန်ပြတ်သားသော အမြင်အာရုံကို ရရှိရန် မျက်ကြည်လွှာ၊ မျက်လုံးတွင်း မှန်ဘီလူး၊ မျက်စိအမြင်အာရုံလွှာ၊ မျက်စိအာရုံကြောမကြီးနှင့် အမြင်ဆိုင်ရာ ဦးနှောက်အစိတ်အပိုင်းများအားလုံး ကောင်းမွန်ရန် လိုအပ် ပါသည်။၏

ကလေးအရွယ်တွင် ခန္ဓာကိုယ်ဖွံ့ဖြိုးနေသကဲ့သို့ မျက်စိသည်လည်း ဖွံ့ဖြိုးနေသည်ဖြစ်ရာ အသက် ၅ နှစ် အရွယ်တွင် ကောင်းမွန်ပြတ်သားသော အမြင်အာရုံကို ရရှိ ပါသည်။ ကလေးများ အဝေးမှုန်ခြင်း၊ မျက်စိစွေစောင်းခြင်းများဖြစ်ပါက မျက်စိစစ်ဆေးရန် လိုပါသည်။ မျက်မှန်ပါဝါရှိ၍ မျက်မှန်တပ်ရန်လိုပါက တပ်ရမည်ဖြစ်ပါသည်။ အသက် ၈ နှစ်မတိုင်ခင် မျက်မှန်တပ်ရန် လိုအပ်ပါလျက် မျက်မှန်မတပ်ခဲ့ပါက မျက်စိအမြင်အာရုံလွှာသည် ကောင်းစွာ မဖွံ့ဖြိုးတော့သဖြင့် ကောင်းမွန်ပြတ်သားသော အမြင်အာရုံကို မရရှိနိုင်တော့ပေ။ အဝေးမှုန်ပါဝါရှိသော ကလေးသည် အသက် ၂၀ အရွယ်အထိ မျက်မှန်ပါဝါ တက်နေသောကြောင့် တစ်နှစ်လျှင်တစ်ကြိမ် မျက်မှန်ပါဝါ စမ်းသပ်ရန် လိုပါသည်။ မျက်မှန်မတပ်လိုသဖြင့် စားဆေး၊ မျက်စဉ်းဆေးများဖြင့် ကုသ၍ မရပါ။

မျက်မှန်မတပ်လိုပါက မျက်ကပ်မှန်ကို တပ်ဆင်နိုင်ပါသည်။ မျက်ကပ်မှန်ကို တပ်ခြင်း၊ ဖြုတ်ခြင်းများ ပြုလုပ်ရာတွင် လက်ကို စင်ကြယ်စွာ ဆေးကြောရန်၊ မျက်ကပ်မှန် စိမ်သည့် ဆေးရည်ကို နေ့စဉ်လဲလှယ်ပေးရန်၊ မျက်ကပ်မှန်တပ်လျက် မအိပ်မိစေရန်၊ သတ်မှတ်ချိန်ထက် ကြာရှည်စွာ မတပ်မိစေရန်စသည့် မျက်ကပ်မှန် အသုံးပြုလျှင် လိုက်နာရမည့် စည်းကမ်းများကို လိုက်နာရန် လိုအပ်ပါသည်။ အသက် ၂၀ ပြည့်ပြီး မျက်မှန်ပါဝါ ထပ်မံမတတ်သူများ အနေဖြင့် မျက်ကြည်လွှာအား လေဆာဖြင့် ပြုပြင်ကုသမှု (LASIK) လုပ်နိုင်ပါသည်။

ကွန်ပျူတာ အချိန်ကြာမြင့်စွာ အသုံးပြုခြင်းကြောင့် မျက်ရည်ခန်းခြောက်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ ဇက်ကြောတတ်ခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကွန်ပျူတာ တစ်နာရီခန့် အသုံးပြုပြီးတိုင်း မျက်စိကို ခေတ္တအနားပေးရန် လိုအပ်ပါသည်။
လူတိုင်း အသက် ၄၀ နှစ် ဝန်းကျင်တွင် အနီးမှုန်လာပါသည်။ ထို့ကြောင့် အနီးမျက်မှန် ပါဝါစမ်းသပ်၍ တပ်ဆင်ရပါမည်။ မျက်မှန်ပါဝါကိုလည်း ၂ နှစ်လျှင် တစ်ကြိမ်ခန့် ပြည်လည်စမ်းသပ်ရန် လိုအပ်ပါသည်။

အသက်အရွယ် ကြီးလာသောအခါ အဖြစ်များသော မျက်စိရောဂါများမှာ အတွင်းတိမ်ရောဂါ၊ ရေတိမ်ရောဂါ၊ ဆီးချို၊ သွေးတိုးကြောင့် ဖြစ်သော အမြင်အာရုံလွှာရောဂါနှင့် သက်ကြီးမျက်စိအာရုံလွှာ ပျက်စီးခြင်း ရောဂါတို့ဖြစ်ပါသည်။

ကမ္ဘာပေါ်တွင် အဖြစ်များဆုံး မျက်စိကွယ်စေသော ရောဂါမှာ အတွင်းတိမ်ရောဂါဖြစ်ပါသည်။ အတွင်းတိမ်ဆိုသည်မှာ မျက်စိအတွင်းရှိ ကြည်လင်သော မှန်ဘီလူးသည် ကြည်လင်မှုမရှိတော့ဘဲ မှုန်ဝါးလာခြင်းဖြစ်ပါသည်။ အသက်ကြီးလာခြင်းသည် အတွင်းတိမ်ဖြစ်ခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ပြီး သွေးချို၊ ဆီးချိုရောဂါရှိသူ စတီးရိုက်ဆေးများ ကြာမြင့်စွာ သုံးစွဲရသူ အခြားမျက်စိရောဂါဖြစ်သူများတွင် အတွင်းတိမ်ရောဂါ စောလျင်စွာ ဖြစ်ပေါ်နိုင်ပါသည်။ ဆေးလိပ်နှင့် နေရောင်မှ ခရမ်းလွန် ရောင်ခြည်သည်လည်း အတွင်းတိမ်ကို ဖြစ်စေနိုင်ပါသည်။ အတွင်းတိမ်ကို ခွဲစိတ်ဖယ်ရှား၍ မျက်စိတွင်းမှန်ဘီလူးထည့်၍ ကုသနိုင်ပါသည်။ မခွဲစိတ်ဘဲ ထားပါက အတွင်းတိမ် အမှည့်လွန်ပြီး ရေတိမ်ရောဂါ ရရှိခံစားရနိုင်ပါသည်။

ရေတိမ်ရောဂါသည် ဒုတိယအဖြစ်များသော မျက်စိကွယ်စေသည့် ရောဂါဖြစ်ပါသည်။ မျက်စိအာရုံကြောမကြီးသည် ရေဖိအားဒဏ်ကြောင့် ပျက်စီးကာ မြင်ကွင်း တဖြည်းဖြည်းကျဉ်းလာပြီး အမြင်အာရုံ ကွယ်သွားသော ရောဂါဖြစ်ပါသည်။ ရေတိမ်ရောဂါတွင် ဒေါင့်ကျဉ်းနှင့် ဒေါင့်ကျယ်ဟူ၍ ၂ မျိုးရှိရာ ဒေါင့်ကျဉ်းရေတိမ်ရောဂါသည် ဆရာဝန်နှင့် အရေးပေါ်ကုသမှု ခံယူရမည်ဖြစ်ပါသည်။ မျိုးရိုးတွင် ရေတိမ်ရောဂါ ရှိပါက နှစ်စဉ် ရေတိမ်ရောဂါ ရှိ/မရှိ စစ်ဆေးသင့်သည်။ ရေတိမ်ရောဂါ ဖြစ်ပွားပါက မျက်လုံးတွင်း ရေဖိအားကို မှန်မှန်တိုင်းခြင်း၊ ရေတိမ်မျက်စဉ်းဆေးများ အချိန်မှန်မှန် ထည့်ခြင်း၊ လိုအပ်ပါက ခွဲစိတ်ကုသမှု ခံယူခြင်းတို့ ပြုလုပ်ရမည်။ စတီးရိုက် မျက်စဉ်းကိုလည်း ရေရှည်အသုံးပြုပါက ရေတိမ်ရောဂါဖြစ်နိုင်သဖြင့် မျက်စိဆရာဝန်မှ မညွှန်ကြားဘဲ စတီးရိုက်မျက်စဉ်းကို ရေရှည်အသုံးပြုခြင်းမှ ရှောင်ရှားရမည် ဖြစ်ပါသည်။

သွေးချို ဆီးချိုရောဂါ ဖြစ်ပွားခြင်း၏ နောက်ဆက်တွဲအဖြစ် မျက်စိအမြင်အာရုံလွှာရောဂါ ဖြစ်ပွားတတ်ပါသည်။ သွေးချို ဆီးချိုရောဂါရှိသည်ဟု သိလျင်သိခြင်း မျက်စိ ဆရာဝန်ကို ပြသ၍ ဆီးချိုကြောင့်ဖြစ်သော မျက်စိရောဂါ ရှိ/မရှိ စစ်ဆေးရန် လိုပါသည်။ ရောဂါရှိနေပါက လေဆာရောင်ခြည်ဖြင့် ကုသမှုခံယူရန် လိုအပ်ပါသည်။ ဆေးလိပ်သောက်သူများလည်း ဆေးလိပ်ဖြတ်ရန် လိုအပ်ပါသည်။

အသက်အရွယ်မရွေး မျက်စိအမြင် ကျဆင်းစေသော အကြောင်းတစ်ခုမှာ မျက်စိဒဏ်ရာရခြင်း ဖြစ်ပါတယ်။ မျက်စိကို တုံးသော/ချွန်သော အရာဝတ္ထုများဖြင့် ဆောင့်မိခြင်း၊ တိုက်မိခြင်းများ ဖြစ်ပါက မျက်စိအမြင်အာရုံ ပျက်စီးခြင်းတို့ ဖြစ်တတ်ပါသည်။ မျက်စိဒဏ်ရာရရှိပြီး အမြင်ကျဆင်းခြင်း၊ နှစ်ထပ်မြင်ခြင်း၊ လျှပ်စီး လက်သကဲ့သို့ မြင်ခြင်း၊ မျက်စိတွင်း အမည်းစက်များ မြင်ခြင်းတို့ ဖြစ်ပေါ်ပါက မျက်စိဆရာဝန်နှင့် ချက်ခြင်း ကုသရန်လိုပါသည်။

အရေးပေါ်ကုသရန် လိုအပ်သော မျက်စိရောဂါများကို အချိန်မီ ကုသရန် လိုပါသည်။
မျက်စဉ်းဆေးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသုံးသင့်ပါ။
အရေးပေါ်ကုသရန်လိုအပ်သော မျက်စိရောဂါများကိုလည်း အချိန်မီ မကုသ၍ မျက်စိကွယ်သွားသည်များကိုလည်း တွေ့ရှိရပါတယ်။
မျက်စိအဆုံး ဘဝအရှုံးမဖြစ်စေရန် မျက်စိဆရာဝန်ကို အချိန်မီ ကုသရန် အရေးကြီးပါတယ်။