ယူကရိန်းတွင် ကိုယ်စားစစ်ဆင်နွှဲခြင်းဖြင့် နေတိုးကရုရှားကို ချေမှုန်းရန် လုပ်ဆောင်နေသည်ဟုဆို

အမေရိကန်နှင့် ၎င်း၏နေတိုးမဟာမိတ်များသည်  ငြိမ်းချမ်းရေးကိုမလိုလားခြင်း၊ ပူးပေါင်းဆောင်ရွက်မှုကိုမလိုလားခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်မှုများကိုသာ လိုလားကြသောကြောင့် ယူကရိန်းနိုင်ငံအတွင်း အန္တရာယ်ကြီးမားသည့် တင်းမာမှုလျှော့ချရေး အတွက် ရုရှားနှင့်ညှိနှိုင်းပေးနိုင်သည့်နိုင်ငံမှာ အနောက်အုပ်စုတွင်မရှိကြောင်း ရုရှားအမျိုးသားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ယူကရိန်းနိုင်ငံတွင် ရုရှားနှင့်ကိုယ်စားစစ်ပွဲဆင်နွှဲလျက်ရှိသည့် လက်ရှိ အခြေအနေကို ပိုမိုဆိုးဝါးနေရန် အားပေးအားမြှောက်ပြုနေသည်ဟူသောအချက်ကို နေတိုးကလက်မခံဘဲ ခေါင်းမာစွာဖြင့် ငြင်းဆိုနေဆဲဖြစ်သောကြောင့် တစ်ချိန်ချိန်တွင် အဖြစ်အပျက်များသည် မှန်းဆ၍မရနိုင်သည့် မြင်ကွင်းတစ်ခုဖြစ်လာနိုင်ကြောင်း၊ ထိုသို့ဖြစ်ပေါ်ပါက မြောက်အတ္တလန္တိတ်နေတိုးမဟာမိတ်အဖွဲ့တွင် လုံးလုံးလျားလျား တာဝန်ရှိနေလိမ့်မည် ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒီမီထရီမက်ဗီဒက်က RT နှင့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့ပါသည်။

ယူကရိန်းသို့ ၎င်း၏တာဝေးပစ် Storm Shadow ဒုံးကျည်များကိုလွှဲပြောင်း ပေးရန် ဗြိတိန်မှနောက်ဆုံး ဆုံးဖြတ်ချက်အပါအဝင် ယူကရိန်းတွင် အစိုးရကို ပေးပို့ ထားပြီးသောလက်နက်များ ပြန်လည်ပေးပို့ရန်မလိုအပ်ဟု သတ်မှတ်ထားလျှင် ဆုံးဖြတ်ရန်ခက်ခဲသည်ဟု မက်ဗီဒက်က မှတ်ချက်ပြုခဲ့ကြောင်း၊ ယင်းလက်နက် များကြောင့် ပေါ်ပေါက်နိုင်သည့်အန္တရာယ်ကို မည်သူမျှမသိရှိကြောင်း၊ ယင်းအတွက် အဓိကအန္တရာယ်ရှိနေကြောင်း၊ လက်နက်တစ်ခုကို ပစ်လွှတ်ပြီးသည်နှင့် တုံ့ပြန်မှု ပို၍လိုအပ်ကြောင်း၊ တာဝေးပစ်ဒုံးကျည် သို့မဟုတ် တိုက်လေယာဉ်များပေးပို့လျှင် မည်သည့်အရာမျှ အကောင်းဖြစ်လာမည်မဟုတ်ကြောင်း၊ ရုရှားအနေဖြင့် ပိုမို ပြင်းထန်သည့်လက်နက်ကို အသုံးပြုမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြား ခဲ့ပါသည်။

အနောက်အုပ်စုက ရုရှားကိုဖျက်ဆီးရန် လိုလားလျက်ရှိကြောင်း၊ ၎င်းတို့သည် ရုရှားနိုင်ငံကိုထိပါးလာစေရန် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေကြခြင်းသာဖြစ်ကြောင်း၊ ယူကရိန်း ပဋိပက္ခမီးတောက်လောင်စေခြင်းဖြင့် ရုရှားနိုင်ငံကိုဖျက်ဆီးရန် အမေရိကန်က ယင်း၏ အန္တိမပန်းတိုင်ကို ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သမ္မတဟောင်းနှင့် ဝန်ကြီးချုပ် ဟောင်းဖြစ်သူက အလေးပေးပြောကြားခဲ့ပါသည်။

အနည်းဆုံးအနေဖြင့် ရုရှားဖက်ဒရေးရှင်းအပေါ် ကန့်သတ်ချုပ်ချယ်မှုများနှင့် ထိန်းချုပ်မှုများ လုပ်ဆောင်လျက်ရှိကြောင်း၊ နေတိုးအဖွဲ့သည် တရုတ်နိုင်ငံ ကိုလည်း အလားတူလုပ်ဆောင်လျက်ရှိကြောင်း၊ သို့သော်လည်း ယင်းတို့၏ အန္တိမပန်းတိုင်သည် ရုရှားနိုင်ငံကိုဖျက်ဆီးရန်ဖြစ်ကြောင်း၊ သို့သော်လည်း ယင်းတို့ နည်းလမ်းအတိုင်း ဖြစ်ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။