လိပ်ခေါင်းရောဂါ

လိပ်ခေါင်းရောဂါဆိုတာကတော့ စအိုအတွင်းရှိ သွေးပြန်ကြောများ ကျယ်လာ၍ ဖြစ်လာရသော
သွေးကြောထုံးတဲ့ ရောဂါတစ်ခုပဲဖြစ်ပါတယ်။

လိပ်ခေါင်းရောဂါမှာ အတွင်းလိပ်ခေါင်းနဲ့ အပြင်လိပ်ခေါင်းဆိုပြီး ၂ မျိုးရှိပါတယ်။
အတွင်းလိပ်ခေါင်းကတော့ စမ်းလို့လဲမရ၊ ကြည့်လို့လည်း မမြင်ရပါဘူး။
အပြင်လိပ်ခေါင်းကတော့ စမ်းလို့ရပြီး အဖုပျော့ပျော့နှင့် စအိုအဝနားတွင် မြင်တွေ့နိုင်ပါတယ်။

ဝမ်းချုပ်တတ်သူများ၊ ဝမ်းသွားလျှင် ညှစ်တတ်သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ (ဟော်မုန်းဓါတ်
ပြောင်းလဲခြင်းနှင့် သန္ဓေသားဖိအားကြောင့် ဖြစ်ခြင်း)၊ အဝလွန်သူများဟာ လိပ်ခေါင်းရောဂါ
ဖြစ်တတ်ပါတယ်။

လိပ်ခေါင်းရောဂါရဲ့ လက္ခဏာများကတော့ ဝမ်းသွားလျှင် သွေးပါခြင်း၊ အိမ်သာသုံး စက္ကူပေါ်တွင်
သွေးစွန်းထင်ခြင်း၊ သွေး တစ်စက်တစ်စက် ကျခြင်း၊ ဝမ်းပေါ်တွင် သွေးကပ်နေခြင်း၊ စအို အပြင် ဘက်သို့ ထွက်လာခြင်း၊ အလိုလို ပြန်ဝင်သွားခြင်း(သို့မဟုတ်) ပြန်သွင်းရခြင်း၊ စအိုအပြင်တွင်
ထွက်လျက်နေခြင်း၊ စအိုဝယားယံခြင်း၊ တစ်ခါတစ်ရံ အကျိအချွဲထွက်ခြင်းတို့ပဲ ဖြစ်ပါတယ်။

လိပ်ခေါင်းရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့ အတွင်းလိပ်ခေါင်းရောင်ပြီး ကြီးလာလျှင် အပြင်သို့ထွက်လာကာ ပြန်သွင်း၍ မရဘဲ နာကျင်လာခြင်း၊ လိပ်ခေါင်းအတွင်းရှိ
သွေးကြောတွင် သွေးခဲပြီး ရုတ်တရက် ရောင်လာပြီး နာလာခြင်း၊ ပွန်းပဲ့၍ သွေးထွက်ခြင်း၊ ပွန်းပဲ့ရာ နေရာမှ ပိုးဝင်တတ်ပြီး အနာဖြစ်စေခြင်းတို့ပဲ ဖြစ်ပါတယ်။

စအိုအပြင်ရှိ လိပ်ခေါင်းရောင်တင်းလာပြီး ရုတ်တရက် နာကျင်လာပါက ရေခဲအိတ်၊ ရေအေးဖတ် ကပ်ပေးခြင်း (၁၅- ၂၀ မိနစ်ခန့် လုပ်ပေးလို့ရပါတယ်)။

ဗမာလူမျိုးတွေရဲ့ ဓလေ့ထုံးစံများအရ လိပ်ခေါင်းရောဂါ ဖြစ်ရင် ရှက်တတ်ကြပါတယ်၊ ဆရာဝန်ကို သွားပြဖို့ ရှက်နေသလို တတ်သိနားလည်တဲ့ သူတွေကို မေးဖို့လည်း ရှက်နေကြပါတယ်။
လိပ်ခေါင်းရောဂါ ဖြစ်ရင် မရှက်ဘဲ ဆရာဝန်ဆီပြဖို့ တိုက်တွန်းလိုပါတယ်။

စအိုအပြင်ဘက်ရှိ လိပ်ခေါင်း ရောင်းတင်းပြီး ပြန်သွင်း၍ မရခြင်း၊ ရောင်ပြီး ဆက်တိုက်
နာကျင်နေခြင်း၊ ဝမ်းမသွားဘဲ သွေးကျနေခြင်း၊ ပွန်းပဲ့ သွေးထွက်ပြီး ပိုးဝင် အနာဖြစ်ခြင်း၊ သွေးထွက်များခြင်းကြောင့် မူးဝေလာခြင်းတို့ ဖြစ်နေပြီဆိုရင် ဆရာဝန်ဆီ အမြန်သွားပြဖို့
လိုအပ်နေပါပြီ။

လိပ်ခေါင်းရောဂါ သက်သာစေဖို့ အောက်ပါအချက်များကို လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။
============================
၁။ ဝမ်းမချုပ်စေရန် ရေများများ သောက်ပေးခြင်း၊ အမျှင်ဓါတ်ပါဝင်မှုများသော အစားအစာများ၊ ဟင်းသီးဟင်းရွက်သီးနှံ၊ ကောက်နှံများ စားပေးခြင်း။
၂။ ဝမ်းညှစ်သည့် အကျင့်၊ အိမ်သာတွင် ကြာကြာထိုင်တတ်သော အကျင့်ကို ဖျောက်ခြင်း။
၃။ ဝမ်းသွားချင်လျှင် အောင့်မထားဘဲ ဖြစ်နိုင်သရွေ့ မြန်မြန်သွားခြင်း။
၄။ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်း (ကိုယ်လက်လှုပ်ရှားမှုဟာ အူမကြီး၏ ကြွက်သား လုပ်ဆောင်မှုများကို ကောင်းစေသဖြင့် ဝမ်းမှန်စေပါတယ်)။
၅။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက လိုအပ်သည့်ဆေး မှီဝဲခြင်း။
၆။ ဝမ်းချုပ်သည့် အစာများကို ရှောင်ခြင်း။
၇။ ရေနွေးဖြင့် တစ်နေ့ မိနစ် (၂၀)ခန့် စိမ်ပေးခြင်းတို့ ဆောင်ရွက်ပေးရပါမယ်။

လိပ်ခေါင်းရောဂါဟာ ကင်ဆာနှင့် ပတ်သက်ခြင်း မရှိပါ။ ပြဿနာမရှိပါက ခွဲစိတ်စရာ မလိုပါ။

#crd