အမေရိကန်သမ္မတက အိန္ဒိယဝန်ကြီးချုပ်နှင့် ဇွန်လတွင်တွေ့ဆုံမည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီအား လာမည့် ဇွန်လတွင် အမေရိကန်နိုင်ငံ၌ လက်ခံတွေ့ဆုံသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က မေလ ၁၀ ရက်တွင် ပြောကြားခဲ့ကြောင်းသိရပါတယ်။

မိုဒီသည် လာမည့် ဇွန်လတွင် အမေရိကန်သို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်လာရောက်ရန် စီစဉ်ထားပြီး အဆိုပါ ခရီးစဉ်အတွင်း ဘိုင်ဒင်အနေဖြင့် လက်ခံတွေ့ဆုံ၍ ပညာရေး၊ ရာသီဥတုပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးကဏ္ဍ‌ဘေးကင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပါတယ်။

မိုဒီ၏ခရီးစဉ်သည် လွတ်လပ်ပွင့်လင်း၍ တည်ငြိမ်အေးချမ်းပြီး သာယာဝပြောသော အင်ဒို-ပစိဖိတ်ဒေသဖော်ဆောင်နိုင်ရေးအတွက် နှစ်နိုင်ငံအကြား အပြန်အလှန်ထားရှိသည့် ကတိကဝတ်များကို မြှင့်တင်သွားနိုင်မည့်အပြင် ကာကွယ်ရေး၊ သန့်ရှင်းသော စွမ်းအင်နှင့် အာကာသနယ်ပယ်တို့အပါအဝင် မဟာဗျူဟာမြောက် နည်းပညာဆိုင်ရာ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုကိုလည်း ပိုမိုခိုင်မာအားကောင်းလာစေမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပါသည်။

အမေရိကန်သည် အာရှဒေသတွင်း တရုတ်၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာခြင်းကို တန်ပြန်နိုင်ရန်အတွက် အိန္ဒိယနှင့် ဆက်ဆံရေးတိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိပြီး အိန္ဒိယ-တရုတ်နှစ်နိုင်ငံနယ်စပ်တွင် တရုတ်၏ စစ်အင်အားတည်ဆောက်မှု နှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက်ရှိသည့် အိန္ဒိယနိုင်ငံကလည်း အမေရိကန်နှင့် ဆက်ဆံရေး တည်‌ဆောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရှိရပါတယ်။