တရုတ်စစ်ရေယာဉ်က အိန္ဒိယနှင့် အာဆီယံစစ်ရေယာဉ်များကို နှောင့်ယှက်ခဲ့သည်ဟုဆို

တရုတ်ရေကြောင်းပြည်သူ့စစ်အဖွဲ့တွင်ပါဝင်သော ရေယာဉ်များသည် တောင်တရုတ်ပင်လယ်အတွင်းပြုလုပ်သည့် စစ်ရေးလေ့ကျင့်ခန်းများ၌ ပါဝင် ဆောင်ရွက်လျက်ရှိသော အိန္ဒိယနှင့် အာဆီယံရေတပ်များဆီသို့ ချဉ်းကပ်ခဲ့သည်ဟု အိန္ဒိယ၏သတင်းအရင်းအမြစ် ၂ ခုက မေလ ၈ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် ရေတပ်လေ့ကျင့်ခန်းအား အနှောင့်အယှက်ပေးရန်အတွက် ရေတပ်ပြည်သူ့စစ်အဖွဲ့ကို အသုံးပြုဟန်ရှိသည်ဟု ဗီယက်နမ်နိုင်ငံရှိ ကျွမ်းကျင်သူ တစ်ဦးက ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရိုက်တာသတင်းဌာန၏မေးမြန်းချက်ကို ဖြေကြားမှုမရှိသကဲ့သို့ အိန္ဒိယနှင့် ဗီယက်နမ် အစိုးရတို့ကလည်း နှုတ်ဆိတ်နေခဲ့ကြောင်း၊ အာဆီယံ-အိန္ဒိယ AIME 2023 စစ်ရေး လေ့ကျင့်ခန်း၏ ၂ ရက်ကြာ ပင်လယ်ပြင်လေ့ကျင့်မှုအဆင့်သည် အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဘရုနိုင်းနိုင်ငံတို့မှ ရေတပ်စစ်ရေယာဉ်များနှင့် လေယာဉ်များဖြင့် မေလ ၇ ရက်က စတင်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်ရေယာဉ်များ ဝင်ရောက်လာချိန်တွင် အာဆီယံရေယာဉ်များသည် ဗီယက်နမ်အထူးစီးပွားရေးဇုန်၌ ရှိနေကြောင်း၊ သို့သော်လည်း ပြည်သူ့စစ်ရေယာဉ် များနှင့် ရေတပ်ရေယာဉ်များသည် အချင်းချင်းတစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်းများ မရှိကြောင်း၊ အိန္ဒိယအာဏာပိုင်များသည် ပြည်သူ့စစ်ရေယာဉ်အနည်းဆုံး ၅ စီး၏ လှုပ်ရှားမှုများကိုခြေရာခံခဲ့ကြောင်း၊ တရုတ်သုတေသနရေယာဉ် ၁ စီးသည်လည်း ပြည်သူ့စစ်ရေယာဉ်များနောက်တွင် လိုက်ပါခဲ့ပြီး ရည်မှန်းချက်တူညီစွာခုတ်မောင်းကြောင်း အိန္ဒိယသတင်းရပ်ကွက်က ပြောကြားခဲ့ပါသည်။

လာရောက်သည့်ရေယာဉ်များသည် ယင်းနယ်မြေရှိ QiongSansha Yu ပြည်သူ့စစ်ရေယာဉ်စုတွင်ပါဝင်ကြောင်း၊ ပြည်သူ့စစ်ရေယာဉ်များတွင် အရပ်ဘက် ငါးဖမ်းရေယာဉ်များပါဝင်ပြီး ၎င်းတို့သည် တောင်တရုတ်ပင်လယ်တွင် နိုင်ငံရေး ရည်မှန်းချက်အတွက် တရုတ်အာဏာပိုင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း၊ သို့သော်လည်း တရုတ်အစိုးရက ပြည်သူ့စစ်ရေတပ်ဖွဲ့များ ယင်းသို့တည်ရှိမှု စွပ်စွဲချက်ကို ယခင်ကပယ်ချခဲ့ကြောင်း သိရှိရပါသည်။

တရုတ်သုတေသနရေယာဉ် Xiang Yang Hong 10 သည် လေ့ကျင့်ခန်းတွင် ပါဝင်သည့် ဗီယက်နမ်စစ်ရေယာဉ်နှင့် ၁၀ မိုင်အကွာထိ ရောက်ရှိလာခဲ့ကြောင်း၊ ယခုလေ့ကျင့်ခန်းသည် အိန္ဒိယနှင့် စင်ကာပူရေတပ်တို့မှ ပူးတွဲလက်ခံကျင်းပသည့် ပထမဆုံး အာဆီယံ-အိန္ဒိယ ရေကြောင်းလေ့ကျင့်ခန်းဖြစ်ကြောင်း သိရှိရပါသည်။