အောင်လံတလူလူ လွင့်ပျံနေစေရေ:

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)ဆောင်၌ကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး မြန်မာအားကစားအဖွဲ့များ အောင်နိုင်ရေးအလံကို နိုင်ငံတော်အကြီးအကဲက အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံထံ အပ်နှင်းခဲ့သည်။

နိုင်ငံတော်အကြီးအကဲက  အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ပြသနိုင်ပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှု ရှိသည့် စွမ်းရည်ယှဉ်ပြိုင်မှုမျိုး ဖြစ်ကြောင်း၊ အားကစားအောင်မြင်မှုဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်ရေးအတွက် ယခုကဲ့သို့ နိုင်ငံတကာအားကစားပြိုင်ပွဲတစ်ရပ်ကို နိုင်ငံ့ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ရခြင်းသည် ထူးခြားသည့် ဂုဏ်ဒြပ်နှင့်အခွင့်အလမ်း ဖြစ်သည်ကို အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများအားလုံး သတိချပ်ကြစေလိုပါကြောင်း အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်ကို နယ်ပယ်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် အားကစားကဏ္ဍကိုလည်း တစ်ခန်းတစ်ကဏ္ဍထည့်သွင်းပြီး နိုင်ငံတကာအဆင့်မီဖွံ့ဖြိုး တိုးတက်စေရေး အလေးထားစီမံဆောင်ရွက်လျက်ရှိသည်။ ယခင်က ဖွဲ့စည်းထားရှိသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ၂၀၂၁ ခုနှစ်  သြဂုတ် ၁ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနဟူ၍ သီးခြားစီဖွဲ့စည်းပေးခဲ့သည်။ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းခြင်းမှာ လူငယ်များကို ငယ်ရွယ်စဉ်ကတည်းက ပညာသင်ယူခြင်းနှင့်အတူ အားကစားလိုက်စားပြီး ကျန်းမာကြံ့ခိုင်သည့်၊ ဗလငါးတန်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ပြုစု ပျိုးထောင်ပေးသွားမည့် ရည်ရွယ်ချက်ဖြစ်သည်။ အားကစားထူးချွန်သည့် လူငယ်များကို  နိုင်ငံ့လက်ရွေးစင်များအဖြစ် နိုင်ငံတကာပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်စေခြင်းဖြင့် အားကစားလူငယ်မောင်မယ်တို့၏ ကြိုးပမ်းအောင်မြင်မှုများသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြင့်မားစေပြီး မိမိတို့တစ်ဦးချင်းစီ၏ လူနေမှုဘဝများလည်း မြင့်မားလာစေမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် ခေတ်အဆက်ဆက် အာရှအားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုနှင့်ဂုဏ်ပြုဆုတံဆိပ်များ ရယူပေးခဲ့ကြသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးများကိုလည်း အသက် ၆၀ ပြည့်မြောက်သည့်အချိန်မှစပြီး သက်ရှိထင်ရှား ရှိနေသမျှကာလပတ်လုံး  လစဉ်ထောက်ပံ့ငွေများ  ချီးမြှင့်ပေးအပ်လျက်ရှိသည်။   ယနေ့အထိ အားကစား သမားကြီး (၂၃၀)ကိုလစဉ် ငွေကျပ်တစ်ရာငါးဆယ့်ငါးသိန်းတစ်သောင်းတိတိ ထောက်ပံ့ပေးလျက်ရှိသည်။ ထို့ပြင် ၂၀၂၃ ခုနှစ်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင်လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများထဲက ဝဏ္ဏကျော်ထင်ဘွဲ့ ၂၁ ဦး၊ လူမှုထူးချွန်ပထမအဆင့် ၃၆ ဦး၊ လူမှုထူးချွန်ဒုတိယအဆင့် ၃၉ ဦးနှင့် လူမှုထူးချွန်တတိယအဆင့် ၆၉ ဦးတို့ကို   ပေးအပ်ချီးမြှင့်ခဲ့သည်။ ကျန်ရှိနေသေးသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို ဆက်လက်ပြီး စိစစ်ဂုဏ်ပြုချီးမြှင့်မည် ဖြစ်သကဲ့သို့ ယခု(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံတော်အတွက် ဆုတံဆိပ်များ ရယူပေးကြမည့် အားကစားမောင်မယ်များကိုလည်း အလားတူအခွင့်အရေးများ ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ရာ  မြန်မာနိုင်ငံကိုယ်စားပြု ပြိုင်ပွဲဝင်မည့် အားကစားသမား ၃၄၁ ဦးတို့သည် အားကစားနည်း ၁၉ နည်း၌ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ယခုအခါ ပြိုင်ပွဲဝင်ကြမည့် အားကစားမောင်မယ်တို့သည် ရုပ်ပိုင်းဆိုင်ရာအသင့်၊ စိတ်ပိုင်းဆိုင်ရာအသင့်၊ အားကစားပညာရပ် ဆိုင်ရာအသင့်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာအသင့်၊ အစစအရာရာပြိုင်ပွဲဝင်ကြရန် အသင့်ဖြစ်နေကြပြီ ဖြစ်သည်။ မည်သည့်ပညာရပ်အားကစားနည်းမဆို လေ့ကျင့်မှ ကျွမ်းကျင်၊  ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်မှ အောင်ပွဲခံ ဆိုသည့်အတိုင်း လေ့ကျင့်သားပြည့်ဝပြီး ယုံကြည်မှုခိုင်မာစွာဖြင့် ကြိုးစားပြိုင်ပွဲဝင်ပါက အောင်နိုင်ရမည်ဖြစ်သည်။

နိုင်ငံတော် အကြီးအကဲက  အောင်နိုင်ရေးအလံ အပ်နှင်းလိုက်ခြင်းမှာ   ပြိုင်ပွဲတွင်အောင်နိုင်ရေးနှင့် အမိနိုင်ငံတော်၏ ဂုဏ်ကိုမြှင့်တင်နိုင်ရေးဆိုသည့် တာဝန်ကြီးကို ပေးအပ်ခြင်းဖြစ်သည်။ မြန်မာအားကစား အဖွဲ့ဝင်များအားလုံး နိုင်ငံနှင့်လူမျိုး၏ ဂုဏ်ကိုမြှင့်တင်နိုင်ရေးဆိုသည့် အမျိုးသားရေးသန္နိဋ္ဌာန်ဖြင့် ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင်သွားကြရန်၊  ပြိုင်ပွဲကာလအတွင်း  အသင်းအဖွဲ့စိတ်ဓာတ်၊ မိသားစု စိတ်ဓာတ်တို့ဖြင့် အချင်းချင်းရိုင်းပင်း ကူညီသွားကြရန်၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့စရိုက် အစဉ်အလာကောင်းများနှင့်အညီ ယဉ်ကျေးပျူငှာစွာ ပြုမူကျင့်ကြံနေထိုင် ယှဉ်ပြိုင်ခဲ့ကြရန်၊ အနိုင်မခံအရှုံး မပေးကြံ့ခိုင်သည့် စိတ်ဓာတ်၊ မလျှော့သည့်ဇွဲလုံ့လတို့နှင့် ရင်ဆိုင်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့ကြရန်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် အားကစားနှင့် တိုင်းပြည်ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစားသူရဲကောင်း မောင်မယ်များအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အောင်လံလွင့်ပျံ နေစေရေး စွမ်းဆောင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။