နွေရာသီမှာ အဖြစ်များတဲ့ရောဂါ (၅) မျိုး

နွေရာသီမှာ အဖြစ်များတဲ့ရောဂါ (၅) မျိုး

ကဗျာတွေစာတွေထဲမှာပါလေ့ရှိတဲ့နွေဦးအငွေ့အသက်က သာယာလှပကြပါတယ်။ တကယ်လည်းလှပေမယ့် လက်တွေ့မှာ အပူဒဏ်နဲ့ပြေးမလွတ်နိုင်တာတော့ အမှန်ပဲလေ။ ရှုခင်းအလှအပထက် လူ့ကျန်းမာရေးအတွက်က ပိုအရေးကြီးတဲ့အတွက်နွေရာသီအတွင်းရောဂါကင်းဖို့ အရင်စဉ်းစားရမှာပါ။ ဒါ့ကြောင့်နွေရာသီမှာ အဖြစ်များတဲ့ရောဂါတွေကို သတိထားပြီး ကြိုတင်ကာကွယ်သင့်၊ ဆင်ခြင်နေထိုင်သင့်ပါတယ်။

နွေရာသီမှာ အဖြစ်များတဲ့ရောဂါ (၅) မျိုး

(၁) အပူလျှပ်ခြင်း –ပြင်းထန်တဲ့အပူဒဏ်အောက်မှာနေရတာကြာလာတဲ့အခါ ခန္ဓါကိုယ်အပူချိန်ကမြင့်တက်လာရာက အပူလျှပ်တတ်ပါတယ်။ ပုံမှန်မဟုတ်ဘဲခန္ဓါကိုယ်အပူချိန်လွန်ကဲတဲ့အခါ ဖြစ်တတ်တဲ့ ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်း၊နှလုံးခုန်မြန်ခြင်း၊ကြွက်သားနာကျင်ကိုက်ခဲခြင်းနဲ့ အဖျားတက်ခြင်းလက္ခဏာတွေက သိသာပါတယ်။

အပူလျှပ်တဲ့အခါ အရေးပေါ်ပြုစုကုသမှုလိုအပ်ပါတယ်။သေချာဂရုမစိုက်ရင် ဦးနှောက်၊နှလုံး၊ကျောက်ကပ်နဲ့ကြွက်သားတွေကို ထိခိုက်စေနိုင်ပြီး ကုသမှုခံယူဖို့နှောင့်နှေးခဲ့ရင် ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေနဲ့အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်ပါတယ်။

(၂) အစာအဆိပ်သင့်ခြင်း –အစာအဆိပ်သင့်ရတဲ့ အကြောင်းရင်းက အစားအစာ သို့မဟုတ် ရေမှာ ပါတဲ့ဘက်တီးရီးယားကြောင့် ဖြစ်ပါတယ်။ ပူအိုက်စွတ်စိုတဲ့ရာသီကြောင့်လည်း ဘက်တီးရီးယားပေါက်ဖွားလွယ်တဲ့ပတ်ဝန်းကျင်ဖြစ်စေနိုင်ပါတယ်။ အစာအဆိပ်သင့်တဲ့အခါ ဗိုက်အောင့်ခြင်း၊မအီမသာဖြစ်ခြင်း၊ဝမ်းပျက်ခြင်း၊ ပျို့အန်ခြင်းတို့နဲ့လက္ခဏာပြလာတတ်ပါတယ်။ အသားစိမ်းတွေ၊ ဖုံးအုပ်မထားတဲ့ လမ်းဘေးစာတွေ၊ မသန့်ရှင်းတဲ့ရေ စတာတွေကရောဂါဖြစ်စေနိုင်တဲ့ပိုးတွေ သယ်ဆောင်ထားတဲ့အစားအသောက်တွေဖြစ်နေနိုင်ပါတယ်။

(၃) မျက်စိနာခြင်း– မျက်စိနာခြင်းဟာ မျက်မြှေးကိုရောင်ရမ်းစေတဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း သို့မဟုတ် ဓါတ်မတည့်ခြင်းကြောင့်ဖြစ်ပြီး ၄ ရက်ကနေ ၇ ရက်အတွင်း ကြာမြင့်တတ်ပါတယ်။ မျက်စိနာပြီဆိုရင်တော့ ကူးစက်လွယ်လို့ တစ်မိသားစုကိုလုံးပြန့်တာများပါတယ်။

ဆက်လက်ဖတ်ရှုမည်။

(၄) ရေဓါတ်နည်းခြင်း – ချွေးထွက်များတဲ့နွေရာသီမှာ ဆုံးရှုံးသွားတဲ့ ရေကို ပြန်ဖြည့်တင်းဖို့ လုံလောက်အောင်မသောက်သုံးတဲ့အခါရေဓါတ်ဆုံးရှုံးခြင်းကို အဖြစ်များကြပါတယ်။နွေပူပူမှာ ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်တွေ ပုံမှန်ပြန်ဖြစ်ဖို့ပြန်လည်ထိန်းသိမ်းပေးဖို့လိုပါတယ်။

(၅) ဝမ်းနဲ့ပတ်သက်တဲ့ရောဂါများ – အူနဲ့အစာအိမ်ထဲမှာ ကပ်ပါးပိုးမွှားများဝင်ရောက်လာတဲ့အခါ နွေရာသီဆို ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ကာလဝမ်းရောဂါတွေဖြစ်တတ်ပါတယ်။ မသန့်ရှင်းတဲ့ရေနဲ့အစားအစာတွေက ဒီရောဂါတွေကူးစက်ပြန့်ပွားစေတဲ့ အဓိက လက်သည်ဖြစ်ပါတယ်။

ဒါတွေမဖြစ်အောင် ဘယ်လိုဆင်ခြင်နေထိုင်မလဲ

နွေရာသီရောဂါတွေရဲ့နောက်ကွယ်က အဓိကအကြောင်းရင်းက ဘက်တီးရီးယား၊ဗိုင်းရပ်စ်နဲ့တခြားပိုးမွှားတွေပေါက်ဖွားလွယ်တဲ့ ရာသိဥတုပတ်ဝန်းကျင်ဖြစ်နေတဲ့အတွက်ပါ။ ဒါ့ကြောင့် နွေရာသီမှာဖြစ်လွယ်တဲ့ရောဂါတွေရန်ကနေ ခုခံကာကွယ်နိုင်ဖို့ ဒီအချက်လေးတွေကို သတိထားပေးသင့်ပါတယ်။နွေရောက်ပြီဆိုရင် –

  • မွန်းတည့်ကနေ မွန်းလွဲပိုင်း ၃ နာရီအတွင်းအချိန်က အပူရှိန်အပြင်းဆုံးဖြစ်လို့ အိမ်ပြင်ထွက်ရင် နေအပြင်းဆုံးအချိန်တွေကိုရှောင်ပါ။
  • နေရောင်ခြည်နဲ့တိုက်ရိုက်ထိတွေ့မှုကို ကာကွယ်ပါ။ အပြင်ထွက်ရင် ထီး သို့မဟုတ် ဦးထုပ်ဆောင်းပါ။
  • အရေပြားထိခိုက်မှုမရှိအောင် ကာကွယ်ဖို့ SPFမြင့်တဲ့နေလောင်ကာခရင်မ်လိမ်းပါ။
  • ရေ လုံလောက်အောင်သောက်ပါ။ ရေဓါတ်ခန်းခြောက်မခံပါနဲ့။
  • လမ်းဘေးအစားအစာ သို့မဟုတ် မသန့်ရှင်းတဲ့ရေ ကိုရှောင်ပါ။
  • ရင်အေးစေဖို့ ဖရဲသီး၊ ကြံ တို့လို လတ်ဆတ်သန့်ရှင်းတဲ့ ရာသီပေါ်အသီးအနှံတွေ စားပါ။
  • အရောင်ဖျော့ဖျော့၊ မတင်းမကျပ်လွန်းတဲ့အဝတ်အစားကိုရွေးချယ်ပါ။ အပူစုပ်နိုင်တဲ့ အနက်ရောင်ကိုမရွေးသင့်ပါ။
  • သေချာမကျက်တဲ့အစားအစာ၊ အပြင်စာတွေနဲ့ သန့်ရှင်းမှုစိတ်မချရတဲ့အစားအစာတွေကိုရှောင်ပါ။
  • အစားအစာကို ကိုင်တွယ်တဲ့အခါ သန့်ရှင်းဖို့အရေးကြီးပါတယ်။ ဘယ်အစားအစာကိုမဆို မချက်ပြုတ်မီတိုင်းမှာ၊ မထိတွေ့ခင်တိုင်းမှာ လက်ဆေးပါ။ အိမ်သာဝင်ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ဆေးပါ။
  • လက်ဆေးခြင်းက မျက်စိနာခြင်း ကူးစက်ပြန့်ပွားမှုကိုလည်း ကာကွယ်ရာရောက်ပါတယ်။
  • အိမ်ထဲပတ်ဝန်းကျင်မှာ သန့်ရှင်းနေအောင်ထားပါ။