စစ်ခရာအစွမ်း အံ့မခန်း

   အေဒီ၁၆ရာစု နှစ်များအတွင်းမှ စတင်ပြီး ကမ္ဘာပေါ်မှာရှိသည့် တပ်မတော် အချို့မှာ စစ်ခရာနှင့် စစ်တီးဝိုင်းများကို ပီပီပြင်ပြင် ဖွဲ့စည်းလာကြ သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးရှိ တပ်မတော်တိုင်းမှာ သူ့နိုင်ငံ အခြေအနေ သူ့လူမျိုးများ၏ စိတ်ခံစားမှု တောတောင်ရေမြေ သဘာဝအပေါ် မူတည် ပြီး လိုက်လျောညီထွေ စစ်ခရာသံစဥ်များ တီထွင်တီးမှုတ်ခဲ့ကြသည်။

   မြန်မာ့တပ်မတော်တွင် ၁၉၇၁ခုနှစ် ဇန္နဝါရီလ ၄ရက်နေ့မှ စတင်ပြီး တပ်မတော်(ကြည်း/ရေ/လေ) တပ်များမှ ယခင်သုံးစွဲခဲ့သည့် နိုင်ငံခြား စစ်ခရာ သံစဥ်များကို ပယ်ဖျက်ပြီး မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ရေးဆွဲသီ ကုံးထားသည့် စစ်မြေပြင် စစ်ခရာသံစဥ် အပါအဝင် စစ်ခရာသံစဥ် ၆၁မျိုး ကို တီးမှုတ်လာခဲ့ကြသည်။

   တပ်ရင်းတစ်ရင်း၏ တစ်နေ့တာ လှုပ်ရှားမှုများကို နံနက်အိပ်ရာထချိန် မှ ညအိပ်ရာဝင်ချိန်အထိ စစ်ခရာသံစဥ် ၁၄မျိုးဖြင့် မှုတ်၍ ဆောင်ရွက်ရ သည်။

   စစ်ခရာမှာ အတော်ပင် မှုတ်ရခက်သော တူရိယာတစ်မျိုးဖြစ်သည်။ လျှာခင်မပါ ခလုတ်မပါဘဲ ပါးစပ်ဖြင့် Mouseကိုတေ့ကာ လေအားဖြင့် သံစဥ်ထွက်အောင် မှုတ်ရခြင်းကြောင့် တတ်မြောက်ရန် မလွယ်ကူပါ။ ထို စစ်ခရာ သံစဥ်များတွင် စစ်ထွက်ခရာ စစ်အောင်ခရာ များလည်း ပါရှိလေ သည်။

   စစ်ခရာကို ဗဟိုကင်းများတွင် ထား၍ မှုတ်ကြသည်။ လွတ်လပ်ရေးနေ့၊ တပ်မတော်နေ့ အခန်းအနားကြီးများတွင်သာ စုပြီးမှုတ်လေ့ရှိ၏။ တပ်မတော်(ကြည်း) ခြေလျင် ခြေမြန်တပ်ရင်းများရှိ တပ်ရင်းမှူးများသည် စစ်ခရာကို ရှေ့တန်းသို့ ယူဆောင်ပြီး အချက်ပေး တီးမှုတ်သူ ယခင်က လည်း ရှိမည်မထင်ပါ။ နောင်လည်း ရှိလိမ့်မည် မဟုတ်ပါ။

   သို့ရာတွင် ကျွန်တော်၏ဆရာ တပ်ရင်းမှူးကြီးမှာတော့ စစ်မြေပြင် ထွက်တိုင်း စစ်ခရာကြီးကို သယ်ယူသွားပါသည်။ တပ်ရင်းဗဟိုကင်းတွင် စစ်ခရာနှစ်လက်ရှိရာ နောက်ထပ်အပိုတစ်လက်ကို မန္တလေးက ဝယ်လိုက် သည်။ စစ်ခရာစစ်သည် တပ်သားလဘန်နော်မှာလည်း ရှေ့တန်းသို့ စစ်ခရာ ကြီးလွယ်ပြီး လိုက်နေရသည်။

   တပ်ရင်းမှူးစစ်ကြောင်း အာလောဘွမ်ဒေသသို့ လှုပ်ရှားစစ်ဆင်ရေး တာဝန် ထမ်းဆောင်ရင်း ရောက်ရှိနေသည်။ အာလောဘွမ် တပ်စခန်းကို လည်း ဝင်စစ်ရမည်။

   မနေ့က ရွှေကူတပ်နှင့်ဆုံပြီး ရိက္ခာသယ်ယူရေး ကိစ္စများ ညှိနှိုင်းပြီး အသီးသီး စခန်းချ နေကြသည်။ နောက်နေ့မှာတော့ မိမိတို့ ရည်မှန်းချက် အသီးသီးသို့ ထွက်ခွာကြမည်။

   မနက်စောစော စစ်ကြောင်းချီတက်ရန် ပြင်ဆင်နေပါပြီ။ တောင်ပေါ် ဒေသဖြစ်လို့ မြူတွေက ဆိုင်းနေသည်။ ထောက်လှမ်းရေး အရာရှိမှ တပ်ရင်းမှူးထံ သတင်းပို့သည်။

   " ချီတက်ရန် အဆင်သင့် ဖြစ်ပါပြီ"

   " လဘန်နော်... ထုံးစံအတိုင်း...စစ်ချီခရာ"

   တပ်ရင်းမှူးမှ တပ်သားလဘန်နော်ကို အချက်ပေးလိုက်၏။ လဘန် နော်မှာ လွယ်ထားသည့် စစ်ခရာကိုဖြုတ်၊ စစ်ခရာ၏ Mouseတွင် ပါးစပ် ကိုတေ့ရင်း ပါးနှစ်ဖက်တွင် လေအပြည့်ဖြည့်ကာ စစ်ချီခရာကို မျက်လုံး နှစ်လုံး စွေသွားသည်အထိ ကုန်းမှုတ်လိုက်ပါသည်။

   " တော် တော့တော်..တော်တော့တော်"

   စစ်ခရာဆီမှ ကြည်လင်ပြတ်သားသော သံစဥ်များ ကျယ်လောင်စွာ ထွက်ပေါ်လာပါသည်။ တောပန်းလေးများပေါ်တွင် ကူးလူးပျံသန်းပြီး ချို သာသော သံစဥ်များ ကျူးရင့်တတ်သည့် တေးဆိုငှက်လေးများပင် သူတို့ ဘဝတွင် တစ်ခါမှ မကြားဘူးသော အသံကြီးကို ကြားလိုက်ရသဖြင့် စူး စမ်းသည့် သဘောဖြင့် အသံများ တိတ်သွားကြ၏။ " ဘာသံကြီးပါလိမ့်" ပေါ့။

   စစ်ခရာသံစဥ်ကို ကျူးရင့်နေသော လဘန်နော်၏ ပုံပန်းကိုလည်း ရှု စားကြည့်ပါဦး။ ပါးစပ်ကရွဲ့ ၊ပါးကတစ်ခြမ်းဖောင်း တစ်ခြမ်းပိန်နှင့်၊မျက် လုံးကလေးစွေပြီး ခြေလေးခွင်ကာ မှုတ်နေရသော်လည်း စိတ်ထဲမှာတော့ ဘယ်အချိန်များ လက်နက်ကြီး လာကျကွဲမလဲ၊ လက်နက်ငယ်သံ ဘယ်က များ ထွက်လာမလဲနှင့် စိုးရိမ်ကာ စစ်ခရာလည်းမှုတ်ရင်းကုတ်ကွကုတ်ကွ နှင့် နေရာလည်းရွှေ့ရင်း လုပ်နေရသည်။

   တပ်ရင်းမှူး စစ်ကြောင်းကတော့ စစ်ခရာသံနှင့် ရင်းနှီးပြီးသား ဖြစ် သော်လည်း အခြားတပ်ရင်း စစ်ကြောင်းများမှ စစ်သည်များ ဇဝေဇဝါ ဖြစ်သွားကြသည်။ စစ်ခရာသံကြောင့် နောက်တန်းဌာနချုပ်ကိုပင် ပြန် ရောက်သွားသလို ခံစားရပြီး တဒင်္ဂ အလွမ်းလေးများပင် ဖြစ်သွားကြသည်။ တချို့ကလည်း စစ်ခရာသံကြောင့် ပြုံးမိကြသည်။ တပ်ရင်းမှူးက အိုင်အိုအား လှမ်း၍ ပြောလိုက်သည်။

   " လူလေး...ခုခေတ်စစ်သားတွေ အောင်ခရာသံကို နားမလည်ကြဘူးဗျ၊ ဒါကြောင့် ရယ်ကြတာဖြစ်မယ်၊ အောင်ခရာရဲ့ အဓိပ္ပာယ်ကို သိလာလို့ ကတော့ ဝိုင်းမှုတ်ကြလို့ တစ်တောလုံးတောင် ဆူညံသွားဦးမှာ"

   စစ်ကြောင်းများ ရည်မှန်းချက် အသီးသီးကို ဆက်ထွက်သွားကြသည်။

×××××

   အာလောဘွမ်စခန်းစစ်ရန် ချီတက်နေကြသည်။

   တောင်တွေ တက်လိုက်ဆင်းလိုက်နှင့် အတော်ဝေးဝေး သွားလိုက် ကြ ရာ နောက်ဆုံးတော့လည်း တောင်ကြီးဖဝါးအောက် ဆိုသလို စခန်းသို့ ရောက်လာပါပြီ။

   အာလောဘွမ် စခန်းမှူးက တပ်အသင့်နေရာယူထားပြီး တပ်ရင်းမှူး ကို သတင်းပို့ရန် စခန်းအဝင်ပေါက် ခြံစည်းရိုး ပထမထပ်တွင် စောင့်နေပါ သည်။

   တောင်ကြောအတိုင်း တက်လာသော တပ်ရင်းမှူးကို မြင်ရသည့်အချိန် သတင်းပို့ရန် ဟန်ပြင်လို့ ခဏစောင့် ဆိုသည့်သဘော လက်ထောင် ပြလိုက် သည်။ ဆရာက စစ်ခရာသံနှင့်မှ တန်းအပ်စေချင်တာကိုး။

   ခက်တာက လဘန်နော်။ စစ်သက်နှင့်အမျှ နောက်တန်းဗဟိုကင်းမှာ စစ်ခရာလေးမှုတ်ပြီး နှပ်နေသမျှ ဒီဆရာနှင့်တွေ့မှ ဖင်ကြားချွေးထွက် နေပြီလေ။ ဟိုး..နောက်မှာကို ကျန်နေခဲ့တော့တာ။

   " စစ်ခရာ  ရှေ့တက်ခဲ့"

   လဘန်နော် မနေသာတော့ အပြေးတစ်ပိုင်း တောင်ကုန်းကို ပြေးတက် နေသည်။ ဟောဟဲ ဟောဟဲနှင့်ရောက်လာသော  လဘန်နော်ကို ကြည့်ပြီး..

   " လူလေး...မောနေပြီလား..ရော့..ရေတစ်ခွက်သောက်လိုက်၊ ရေ သောက်ပြီးတာနဲ့ မှုတ်ဖို့ပြင်"

   လဘန်နော် ရေသောက်ပြီးတာနှင့် စခန်းမှူးကို လက်ထောင်ပြလိုက် သည်။

   " တပ်ရင်းမှူးအား အလေး...ပြု"

   " တော်တိတော်...တော်တိတော်"

   အာလောဘွမ်စခန်း ခရာသံ လွှမ်းသွားလေပြီ။ လေသင့်လျင် အာလော ချက် ကေအိုင်အေစခန်းထိပင် စစ်ခရာသံ ရောက်သွားနိုင်လေသည်။

   စစ်ခရာအား ရန်သူနှင့်ဝေးသော၊ အန္တရာယ် အငွေ့အသက်နည်းသော နေရာများတွင်သာ မှုတ်ခိုင်းခြင်းဖြစ်သည်။ ရန်သူနှင့် နီးကပ်ပြီး တိတ်ဆိတ် မှု လိုအပ်ပါက လဘန်နော် အနားရသည်။ စိတ်ဓာတ်တက်ကြွ စေရန် ရည်ရွယ်ပြီး စစ်ပရိယာယ်ကို မထိခိုက်စေခြင်းမှာ စစ်ခေါင်းဆောင်၏ ပညာပင်ဖြစ်သည်ဟု ဆရာကဆိုပေမဲ့ အရာရှိစစ်သည် အားလုံးကတော့ တောထဲတောင်ထဲ စစ်ခရာသံ ထွက်လာမှာကိုပင် စိုးရိမ်နေ ကြတော့သည်။

   အလင်းဝင်နှင့် ဖမ်းဆီးရမိ ကေအိုင်အေများကို စစ်ကြောရာတွင်ပင် စစ်ခရာကို ရှေ့တန်းတွင်မှုတ်သော ဆရာ၏ စစ်ကြောင်းကို သူတို့သိကြ ကြောင်း ထွက်ဆိုကြသည်။