ယဉ်ကျေးလိမ္မာချစ်စရာ

ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်မည်ဟူသောဆိုစကားသည် နိုင်ငံနှင့်လူမျိုးတိုင်းအတွက် အသိပေး၊ သတိပေးထားသော စကားရပ်ဖြစ်သည်။ ယဉ်ကျေးမှုမရှိလျှင် လူသားတို့ရိုင်းစိုင်းလာကြမည်။ လောဘ၊ဒေါသ၊ မောဟတို့ဖုံးလွှမ်းလာကာ သူတစ်ပါး အသက်ကိုသတ်ဖြတ်ခြင်း၊ သူတစ်ပါးပစ္စည်းကိုခိုးယူခြင်း၊ သူတစ်ပါးသားမယားကိုကျူးလွန်ခြင်း၊ အမှန်ကိုအမှားဖြစ်အောင် လိမ်လည်ပြောဆိုခြင်းနှင့် မူးယစ်စေတတ်သော အရက်သေစာသောက်စားခြင်းတို့ကို လွယ်လွယ်ကူကူကျူးလွန်လာကြတော့မည်။ လောက၏ ကောင်းကျိုးကို သယ်ပိုးလုပ်ဆောင်ရန်ထက်  အဖျက်လုပ်ရပ်များကို လုပ်ဆောင်ရန် စိတ်ရိုင်းများ ဝင်လာသောအခါ ထိုလူမှုပတ်ဝန်းကျင်တွင် အမှောင်တို့ဖုံးလွှမ်းပြီး  မကြာမီပျက်စီးခြင်းသို့ ဆိုက်ရောက်တော့မည်သာ ဖြစ်သည်။

မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများသည် လွန်စွာတန်ဖိုးထားဖွယ် ကောင်းလှသည်။ ဗုဒ္ဓဘာသာသာသနာတော်ကို သက်ဝင် ယုံကြည်ကြသူများပီပီ လောကကောင်းကျိုးကို သယ်ပိုးရွက်ဆောင်ကြသည်။ လူသားချင်း စာနာထောက်ထားသော စိတ်ဖြင့် မကောင်းမှု ပြုလုပ်ရန် ဝန်လေးကြသည်။ ဆရာသမား မိဘဘိုးဘွားတို့၏ သွန်သင်ဆုံးမမှုအောက်တွင် ယဉ်ကျေးသိမ်မွေ့ကြသည်။ ယဉ်ကျေးသိမ်မွေ့သော လူ့အသိုင်းအဝိုင်းသည် ချစ်ခင်နှစ်သက်ဖွယ်ရာဖြစ်သည်။ ကြီးသူကိုရိုသေခြင်း၊ ရွယ်တူကိုလေးစားခြင်း၊ ငယ်သူကို သနားညှာတာခြင်း စိတ်ထားသည် ယဉ်ကျေးမှု၏ အခြေခံဖြစ်သည်။

နွေရာသီကျောင်းပိတ်ရက်အတွင်း ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်ပေးနေခြင်းသည် လိမ္မာယဉ်ကျေးသော ကလေးများအဖြစ် ပြုပြင်ပုံသွင်းပေးခြင်း ဖြစ်သည်။ ကာယကံယဉ်ကျေးမှု၊ မနောကံယဉ်ကျေးမှု၊ ဝစီကံယဉ်ကျေးမှုဟူသော ကိုယ်နှုတ်နှလုံးသုံးပါးလုံး ယဉ်ကျေးပြေပြစ်သူများဖြစ်အောင် သင်ကြားပေးနေခြင်းသည် လောကကိုအလှဆင်နေခြင်း ဖြစ်သည်။ လူငယ်များသည် နောင်တစ် နေ့တွင် ကြီးမားသောတာဝန်များကိုထမ်းဆောင်ကြရမည်ဖြစ်ပေရာ နုနယ်သောနှလုံးသားတွင် ကောင်းသော မျိုးစေ့ချပေးလိုက်ခြင်း ဖြင့် တန်ဖိုးမြင့်မားသော လူကြီးများ ဖြစ်လာပေလိမ့်မည်။

လူမျိုးတိုင်းတွင်  သက်ဆိုင်ရာယုံကြည်ကိုးကွယ်မှုနှင့်  ဘာသာတရား၏ အဆုံးအမများရှိကြသည်။ သက်ဆိုင်ရာဘာသာတရားများ၏ အဆုံးအမအတိုင်းသာ လိုက်နာလုပ်ဆောင်ကြရမည်ဆိုပါက ကမ္ဘာကြီးငြိမ်းချမ်း သာယာနေမည်သာဖြစ်သည်။ ယဉ်ကျေးလိမ္မာ သင်တန်းများသည် လူငယ်မောင်မယ်တို့အတွက် မကောင်းမှုကိုရွံရှာစိတ်၊ ကောင်းမှုကိုမြတ်နိုးစိတ်နှင့်အတူ မိမိတို့၏ပတ်ဝန်းကျင် အတွက် စိတ်ထားကောင်းသူလေးများဖြစ်လာအောင် သင်ကြားပေးနေခြင်းဖြစ်သည်။ အနန္တောအနန္တငါးပါးကို ကြည်ညိုကိုင်းရှိုင်း တတ်စေရန်၊ မိမိတို့၏လူမှုပတ်ဝန်းကျင် ဆက်ဆံရေးတွင် ယဉ်ကျေးစွာဆက်ဆံတတ်ကြရန်၊ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော် နှင့်အညီ နေထိုင်တတ်စေရန် သင်ကြားပေးခြင်းဖြစ်သည်။

ထို့အတူ မြတ်ဗုဒ္ဓဘုရားရှင်၏ ဖြစ်တော်စဉ်များမှ ဇာတ်တော်များကို ထုတ်နုတ်ဥပမာပေးကာ လောကလူ့ရွာ ကောင်းကျိုး သယ်ပိုးတတ်စေရန် သင်ကြားပေးနေခြင်းကြောင့် ထိုကလေးများကြီးပြင်းလာလျှင် အနိမ့်ဆုံးအဆင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်၏ ကောင်းကျိုး သယ်ပိုးသူများဖြစ်လာပေမည်။ လူငယ်တို့၏နုနယ်သောနှလုံးသားကို  ကောင်းသောစိတ်၊  ကောင်းသောအတွေး၊  ကောင်းသောအမြင်များ ဖြစ်လာအောင် သင်ကြားပေးနိုင်ခြင်းသည် နိုင်ငံနှင့်လူမျိုးတို့၏ အနာဂတ်ကို လှသည်ထက်လှအောင် စွမ်းဆောင်နေခြင်းဟု ဆိုနိုင်သည်။ မြန်မာတို့၏ ယဉ်ကျေးမှုဓမ္မအမွေအနှစ်ကို လူငယ်များ တန်ဖိုးထားထိန်းသိမ်း လိုက်နာကျင့်ကြံ ကြမည်ဆိုလျှင် နိုင်ငံတော်၏ အနာဂတ်လှပကာ အမျိုးဘာသာသာသနာတို့ တည်တံ့နေမည်ဖြစ်သည်။

သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်၏ အနက်အဓိပ္ပာယ်ကို ရှင်းလင်းစွာသိရှိပြီး လိုက်နာမည်ဆိုလျှင်ပင် လူငယ်တို့ ဘဝအဆင့် အတန်းသည် မြင့်သည်ထက်မြင့်လာပေမည်။ လူမိုက်တို့ကို မပေါင်းသင်းမဆည်းကပ်ခြင်းဟူသော မင်္ဂလာအရ မိမိပတ်ဝန်းကျင်တွင် ရှိသူသည် လူဆိုးလား၊ လူကောင်းလား၊ အကျင့်စာရိတ္တကောင်းသူလား၊ မကောင်းသူလားစိစစ်ပြီး မကောင်းလျှင် ရှောင်ရှားရမည် ဖြစ်သည်။ လူမိုက်သည် ငါးပိပုပ်နှင့်တူသည်။ ငါးပိပုပ်သည် ကိုယ်တိုင်လည်း အနံ့ဆိုးသည်။ ထိမိလျှင်လည်း ထိုအနံ့ဆိုးကူးစက်သည်။ ထို့ကြောင့် လူမိုက်ကို ရှောင်ခြင်းသည် ဘဝတိုးတက်ရေးအတွက် မင်္ဂလာဖြစ်သည်။

ပညာရှိသူ လူလိမ္မာတို့ကို ပေါင်းသင်းဆည်းကပ်ခြင်း မင်္ဂလာအရ သင်၏အပေါင်းအသင်းများသည် လူတော်၊ လူကောင်းဖြစ်နေပါမှ သင်၏ ပညာရေး၊ စီးပွားရေး၊ ကုသိုလ်ရေး စသည်များ တိုးတက်ဖြစ်ထွန်းပေလိမ့်မည်။ ပညာရှိလူလိမ္မာတို့သည် ရေမွှေးနှင့်တူသည်။ ရေမွှေးသည် ကိုယ်တိုင်လည်းမွှေးသလို ထိစပ်သူကို မွှေးကြိုင်စေသည်။ လူလိမ္မာသည် ကောင်းသတင်းကျော်စောသကဲ့သို့ သူနှင့် ပေါင်းဖော်ယှဉ်တွဲနေသူကိုလည်း ကောင်းတာကြံ၊ မှန်တာလုပ်၊ ဟုတ်တာပြောစေသည်။ ပူဇော်ထိုက်သူကို ပူဇော်ခြင်းမင်္ဂလာအရ ဆရာသမား၊ လူကြီးမိဘတို့ကို ရိုသေလေးစား တန်ဖိုးထားသောအခါ ထိုသူတို့က မိမိတို့၏ဘဝ တိုးတက်မြှင့်တင်မြင့်မားရေးကိုသာ ကြည့်ရှုစောင့်ရှောက်ကြမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ယဉ်ကျေးလိမ္မာချစ်စရာဆိုသည့်အတိုင်း ယဉ်ကျေးလိမ္မာသော ချစ်စရာ လူငယ်များကို ကြိုဆိုလျက်ရှိပါကြောင်း။