ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ဈေးရုံတစ်ရုံ မီးအကြီးအကျယ်လောင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်မှာ ဆိုင်ခန်းပေါင်း ၃ ထောင်ရှိပြီး အထူးထင်ရှားတဲ့အထည်ဈေးရုံတစ်ခု ဧပြီလ ၄ ရက်၊ ဒီကနေ့ နံနက်ပိုင်းက မီးအကြီးအကျယ်လောင်ခဲ့ရာ မီးသတ်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကြိုးစားငြှိမ်းသတ်ခဲ့ရတယ်လို့ အယ်လ်ဂျာဇီးယားသတင်းအရ သိရပါတယ်။ 

  မနက် ၆း ၁၀ နာရီမှာ ဘန်ဂါဘာဇာဈေးရုံ မီးစတင်လောင်ကျွမ်းခဲ့ရာ ထိခိုက်သေဆုံးမှုအခြေအနေ လတ်တလောမသိရသေးကြောင်း ဘင်္ဂလားမီးသတ်ဌာနအရာရှိ ရာဖီအယ်လ်ဘရက်ခ်က အေပီသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ပြောပါတယ်။

“အသေအပျောက်နဲ့ပတ်သက်ပြီး ချက်ချင်း သတင်းမရသေးပါဘူး” လို့ သူက ရှင်းပြပါတဘ်။ မီးငြှိမ်းသတ်ဖို့အတွက် ဘင်္ဂလားအမှတ် ၄၇ မီးသတ်တပ်ဖွဲ့ ကြိုးစားနေလုပ်နေချိန်မှာ ဒါကာမြို့တော်ရဲ့ ရပ်ကွက်ဟောင်းတွေအပေါ် မီးခိုးအမည်းတွေ ဖုံးလွှမ်းသွားတယ်လို့ ရာဖီအယ်လ်ဘရက်ခ်က ဆက်ပြောပါတယ်။ 

 ဘန်ဂါဘာဇာဈေးနဲ့ကပ်လျက်မှာရှိတဲ့ စီးပွားရေးအဝန်းအဝိုင်း ၃ ခုစလုံး မီးကူးစက်ခံခဲ့ရတယ်လို့ ဆိုင်ပိုင်ရှင်တွေနဲ့ မီးသတ်သမားတွေက သတင်းထောက်တွေကို ပြောပါတယ်။

ဘာကြောင့် မီးစတင်လောင်ကျွမ်းရတယ်ဆိုတာ စုံစမ်းနေတုန်းပဲလို့ နောက်ထပ်မီးသတ်အရာရှိတစ်ဦးဖြစ်တဲ့ အန်ဝါရူအစ္စလာမ်က ပြောပါတယ်။ မီသတ်သမားပေါင်း ၆၀၀ အင်အားနဲ့ မီးထိန်းနိုင်ဖို့ လုပ်ဆောင်ခဲရ့တယ်လို့ အေအက်ဖ်ပီသတင်းအရ သိရပါတယ်။ လေတပ်ရဟတ်ရဟတ်ယာဉ်တစ်စင်းနဲ့လည်း မီးငြှိမ်းသတ်ဖို့ ကြိုးစားခဲ့တယ်လို့ စစ်ရေးပြောခွင့်ရှိသူတစ်ဦးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဝေဟင်မှ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ခုထဲမှာတော့ ဈေးရုံနားက တံတားပေါ်မှာ ရာနဲ့ချီတဲ့လူတွေ မီးလောင်နေတာကို ဝိုင်းဝန်းကြည့်ရှုနေကြတာ တွေ့ရပါတယ်။ ဘန်ဂါဘာဇာဈေးဟာ Tommy Hilfiger ကဲ့သို့ အနောက်တိုင်းဖက်ရှင်အမှတ်တံဆိပ်တွေ ရရှိနိုင်လို့ လူစည်ကားလေ့ရှိတဲ့ဈေးဖြစ်ပြီး ပို့ကုန်စံချိန်မမီတဲ့ ပြည်တွင်းဖြစ်ဖက်ရှင်ထည်တွေကိုလည်း ဈေးသက်သက်သာသာနဲ့ ရောင်းချပေးတယ်လို့ သိရပါတယ်။

Fire 3.jpg