Skin Care ဓာတ်မတည့်ခြင်းကြောင့် မျက်နှာအသားအရေ ပျက်စီးခြင်းအတွက် အိမ်တွင်းကုထုံးများ

Skin Care ဓာတ်မတည့်ခြင်းကြောင့် မျက်နှာအသားအရေ ပျက်စီးခြင်းအတွက် အိမ်တွင်းကုထုံးများ

အာဆီယံဒေသများအတွင်း တွေ့ရှိသော သုံးစွဲရန် မသင့်သည့်  အလှကုန်ပစ္စည်းများကို  ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FAD)က ယခုကဲ့သို့ ထုတ်ပြန်ခဲ့သည်။

ယင်းအလှကုန်ပစ္စည်းများတွင် မလေးရှားနိုင်ငံထုတ် Puteri Ratu Treatment Cream၊ Flashh Treatment နှင့် Flashh Night Cream၊ စင်ကာပူနိုင်ငံထုတ် Maceratable Skin Cleansing Wipes၊ Bedbath Maceratable Unperfumed နှင့် Conti Wet Wipes Skin Cleansing Wipes၊ အင်ဒိုနီးရှားနိုင်ငံထုတ် AQ Active Serum ၊ မလေးရှားနိုင်ငံထုတ် Blela Beauty Glowing Night Cream၊ BL Skincare Day Cream 1၊ BL Skincare Day Cream 2၊ BL Skincare Night Cream၊ Momila Beauty Whitening Cream နှင့် Night Cream ForU By D Ains Beauty Empire၊ ထိုင်းနိုင်ငံထုတ် KT Night Cream၊ Bewild Petite Stick (Coral Brown)၊ Lovely Plus Herbal Hair Colour၊ P.U.Light aura bright နှင့် NP Skin Ideal Skincare Turmeric Night Repair Treatment စသည်တို့ပါဝင်သည်။

အဆိုပါအလှကုန်ပစ္စည်းများတွင် Hydroquinone၊ Tretinoin and Betamethasone 17- Valerate၊ Mercury? O-aminophenol၊ Miconazole၊ Clobetasol propionate  စသည့်  သုံးစွဲရန်မသင့်သော ဓာတုပစ္စည်းများ ပါဝင်သည်။

ပြဒါးအန္တရာယ်

အသားအရေကြည်လင်ဝင်းပစေသော အလှကုန်များတွင် ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းစေကာ  အဆိပ်ဖြစ်စေသည့် ပြဒါးအပါအဝင် အန္တရာယ်ရှိဓာတုပစ္စည်းများ ပါဝင်ကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP) က ယခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါအလှကုန်ပစ္စည်းများကို အသားအရေကြည်လင်ဝင်းပစေခြင်း၊ တင်းတိပ်၊ ဝက်ခြံ၊ အမည်းစက်နှင့် အသက်အရွယ်ကြောင့် ဖြစ်သော အစက်အပြောက်များ ပျောက်ကင်း၍ အသုံးပြုနေကြသည်။ သို့သော် အသားအရေကို ဝင်းပစေသော ထုတ်ကုန်များသည် အရေပြားနီမြန်းခြင်းနှင့် အရောင်ပြောင်းခြင်းတို့ကို ဖြစ်စေနိုင်ပြီး အမာရွတ်၊ အာရုံကြောများ၊ အစာခြေစနစ်နှင့် ခုခံအားစနစ်ကို ထိခိုက်စေသည့်အပြင် စိုးရိမ်စိတ်များနှင့် စိတ်ဓာတ်ကျခြင်းတို့ကိုလည်း ဖြစ်ပေါ်စေနိုင်သည်။

အသားအရေဝင်းပစေသော ထုတ်ကုန်များတွင် ပြဒါးပါဝင်မှု 1mg/1kg(1ppm) ကို ကန့်သတ်ထားသည်။ သို့သော် ၂၀၁၈ ခုနှစ်တွင် Zero Mercury Working Group နှင့် Biodiversity Research Institute က နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ထုတ်ကုန် ၃၀၀ ကျော်အား စမ်းသပ်ခဲ့ရာ အရေပြားဝင်းပသည့် ခရင်မ်များ၏ ၁၀ ရာခိုင်နှုန်းခန့်သည် ပြဒါးပါဝင်မှုများ ကန့်သတ်ချက်ထက် ကျော်လွန်နေပြီး  ထုတ်ကုန်အများအပြားသည် ခွင့်ပြုထားသော ပြဒါးပမာဏထက် အဆ ၁၀၀ ပါဝင်နေကြောင်း လေ့လာတွေ့ ရှိခဲ့သည်။

အသားအရေဝင်းပစေသည့် ခရင်မ်များတွင် ပြဒါးပါဝင်သည့် အန္တရာယ်ရှိမှုကို နားမလည်ဘဲ နေ့စဉ်အသုံးပြုနေကြသည့်အတွက်   အသားအရေပျက်စီးခြင်းကို ခံစားကြရသည်။ ထို့ပြင် အသားအရေဝင်းပစေသည့် ထုတ်ကုန်များသည် သုံးစွဲသူအတွက် အန္တရာယ် ဖြစ်စေရုံသာမက နို့တိုက်မိခင်များအနေဖြင့် မိခင်နို့မှတစ်ဆင့် ကလေးကို ထိတွေ့နိုင်ခြင်း၊ အစားအသောက်ကွင်းဆက်များတွင် ညစ်ညမ်းသွားစေခြင်း၊ ရေနှင့် မြေဆီလွှာများ စသည့်သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်နိုင်၍ ကမ္ဘာလုံးဆိုင်ရာ ပြဿနာ တစ်ခုဖြစ်နေကြောင်း ပညာရှင်များက ဖော်ထုတ်တွေ့ရှိထားသည်။

ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)တို့အပါအဝင် တခြား အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလှကုန်ပစ္စည်းများတွင်   ပြဒါးသုံးစွဲမှုပပျောက်ရေးနှင့်  အသားအရေ တောက်ပစေသည့်ထုတ်ကုန်များ လျှော့ချနိုင်ရေး အစီအစဉ်ကို လုပ်ဆောင်မည်ဖြစ်ရာ ယင်းအစီအစဉ်တွင် ကျန်းမာရေးဆိုးကျိုးများ သတိပြုမိရန်လုပ်ဆောင်ခြင်း၊ စည်းမျဉ်းများ ရေးဆွဲခြင်း၊ ဓာတုပစ္စည်း ထုတ်ကုန်များကို ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များတစ်လျှောက် ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ဖြန့်ဖြူးမှုများကိုပါ  ရပ်တန့်စေခြင်း အစီအစဉ်များ  ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်လည်း ဈေးနှုန်းသက်သာပြီး အလွယ်တကူဝယ်ယူရရှိနိုင်သော ပြဒါးကို ရွှေတူးဖော်ရေးလုပ်ငန်းများတွင် အသုံးပြုနေဆဲဖြစ်သည်။ ပြဒါးသည် လူ့ခန္ဓာကိုယ်၏ အာရုံကြောအဖွဲ့အစည်းကို ပျက်စီးစေခြင်း၊  ဦးနှောက်၏လုပ်ဆောင်မှုကို  ထိခိုက်စေခြင်း၊ မျိုးရိုးဗီဇကို ထိခိုက်စေခြင်း၊ အရေပြားကို ဆိုးရွားစွာ ထိခိုက်စေခြင်း၊ မောပန်းခြင်း၊ ခေါင်းကိုက်ခြင်း၊ မျိုးဆက်ပြန့်ပွားမှုကို အဟန့်အတားဖြစ်စေခြင်း၊ ဉာဏ်ရည်မမီဖြစ်စေခြင်း၊ နားထိုင်းခြင်းနှင့် ကြွက်သားများထိခိုက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ထို့ပြင် ပြဒါးသည် ရေထု သို့မဟုတ် မြေဆီလွှာသို့ရောက်လာသောအခါ အလွန်သေးငယ်သော သက်ရှိများက လွယ်ကူစွာ စုပ်ယူနိုင်သဖြင့် မြေဆီလွှာအတွင်းနှင့် ရေအောက်တွင် ကျက်စားနေကြသည့် သက်ရှိသတ္တဝါများ၏  မျိုးပွားခြင်း ပျက်စီးမှု၊  မျိုးရိုးဗီဇပြောင်းလဲမှုနှင့်  ဂေဟစနစ်ပျက်စီးမှုတို့ကို ဖြစ်ပေါ်စေသည်။ 

မျက်နှာအသားအရေပျက်စီးခြင်းအတွက် အိမ်တွင်းကုထုံးများ

အန္တရာယ်ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ ပါဝင်နေသည့် အလှကုန်ပစ္စည်းများကို သုံးစွဲမိပါက ယေဘုယျအားဖြင့် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျဉ်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ် ပျက်စီးခြင်းအထိ ဖြစ်နိုင်သည်။

ကန့်သတ်ပမာဏထက်ပို၍ ပြဒါးပါဝင်မှုများသော Skin Care သုံးစွဲခြင်းကြောင့် Allergic ဖြစ်ပြီး မျက်နှာအသားအရေ ယာယီ ပျက်စီးနိုင်သည်။

•          လူတစ်ဦးနှင့်တစ်ဦး အသားအရေဖြစ်တည်ပုံ မတူညီကြပေ။ ထို့ကြောင့် မည်မျှပင် Branded တံဆိပ်ဖြစ်သော နာမည်ကြီး၊ ဈေးကြီးကြီးပေးဝယ်ရသည့် ပစ္စည်းကောင်းဖြစ်စေကာမူ မိမိမျက်နှာနှင့် ဓာတ်မတည့်မှုဖြစ်စေနိုင်၍ သတိပြုသုံးစွဲပါ။

•          မိမိသုံးနေကျ Skin Care မျိုးမဟုတ်ပါက သုံးစွဲပြီးနောက် ချက်ချင်း သို့မဟုတ် နောက်တစ်ရက်တွင် မျက်နှာ အသားအရေ အရောင် ရုတ်တရက်ပြောင်းလဲသွားခြင်း၊ အဖုငယ်လေးများထွက်လာခြင်း၊ အသားအရေ ပွစိစိဖြစ်လာခြင်းမျိုး တွေ့ကြုံ ရပါက Skin Care သုံးစွဲခြင်းကို ချက်ချင်း ရပ်ပစ်ပါ။

•          မြန်မာ့ရေမြေသဘာ၀ ရာသီဥတုနှင့်ကိုက်ညီသည့် သနပ်ခါးတုံး(စစ်စစ်)ကို သန့်ရှင်းသောရေ၊ သန့်ရှင်းသော ကျောက်ပျဉ် ပေါ်တွင် သွေး၍ လိမ်းပါ။ မျက်နှာအသားအရေ ပုံမှန်ပြန်ဖြစ်လာသည်အထိ နေ့၊ ည သနပ်ခါးစစ်စစ်ကိုသာ သွေး၍လိမ်းပါ။

•          တောင်တန်ကြီး၊ နံ့သာဖြူတို့ကို မျက်နှာပေါ် မလိမ်းပါနှင့်။ ၎င်းတို့က ဓာတ်မတည့်ဖြစ်နေသော အသားအရေကို ပို၍ လောင်သွားစေတတ်သည်။

•          အသင့်လိမ်းသနပ်ခါးများကို တာရှည်ခံအောင် ဓာတုပစ္စည်းများထည့်သွင်းသုံးစွဲထားကြသကဲ့သို့ အမွှေးနံ့အတုကိုလည်း ပါဝင်ထည့်သွင်းထားသောကြောင့် အသားအရေဓာတ်မတည့်ဝေဒနာ ခံစားနေရချိန်တွင် အသင့်လိမ်း သနပ်ခါးအနှစ်ဘူး၊ သနပ်ခါးရည်ပုလင်းများ လိမ်းခြင်းကို အထူးရှောင်ရှားသင့်သည်။

•          ပြဒါးပါသော Skin Care သုံးစွဲမှုကြောင့် ရုတ်တရက် အသားအရေဓာတ်မတည့်ဖြစ်နေချိန်တွင် မျက်နှာသစ်ဆပ်ပြာပြင်းပြင်း မသုံးပါနှင့်။

•          Vitamin C နှင့်အတူ Vitamin E ဆေးများတွဲသောက်ပေးပါ။ ပြင်းထန်လာပါက အရေပြား ဆရာဝန်နှင့်ပြသပါ။

မိတ်ကပ်များ အလွန်အကျွံလိမ်းခြယ်ခြင်းကို ရှောင်ကြဉ်ပါ။ ယင်းမိတ်ကပ်များသည် အရေပြားရှိ အပေါက်လေးများမှ လေမဝင် အောင် ပိတ်ဆို့ထားခြင်းကြောင့် အရေပြား၏ ပရိုတင်းတစ်သျှူး (Skin Collagen) ကို ပျက်စီးစေသည်။ ထို့ပြင် အရေပြား ပေါ်၌ လိုင်းများ အနှံ့အပြားဖြစ်ပေါ်ခြင်းနှင့် တွန့်ရှုံ့လာခြင်းကိုပါဖြစ်ပေါ်စေသည်။ ထိုအခြေအနေကို ပြန်လည်ကုစားရန် မျက်နှာသစ်ပြီး နောက် ရေကို ချက်ချင်းမသုတ်သေးဘဲ အရေပြားအတွင်း ရေဓာတ်စိမ့်ဝင်သွားသည်အထိ ထားရှိရန်လိုအပ်ကြောင်း ရေးသား လိုက်ရပါသည်။