ရာသီဥတုဘယ်လောက်ပူပူ ညဘက်အိပ်တဲ့အခါ စောင်အပါးလေးတော့ခြုံအိပ်ပေးပါ

ရာသီဥတုဘယ်လောက်ပူပူ ညဘက်အိပ်တဲ့အခါ စောင်အပါးလေးတော့ခြုံအိပ်ပေးပါ

ရာသီဥတုအရမ်းပူနေချိန်မှာ ညဘက်အိပ်တဲ့အခါ စောင်ခြုံအိပ်ဖို့မပြောနဲ့ ပူလွန်းလို့ အင်္ကျီထူထူတောင်ဝတ်မအိပ်နိုင်ပါဘူး။

ဒါပေမယ့် ညဘက်အိပ်တဲ့အခါ ဘယ်လောက်ပဲပူပူ ချည်စောင်အပါးလေးဖြစ်ဖြစ် တစ်ထည်လောက်တော့ ခြုံပြီးအိပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ စောင်ခြုံအိပ်တာက ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှစ်မျိုးလုံးအတွက် အကျိုးကျေးဇူးရှိလို့ဖြစ်ပါတယ်။

(၁) ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးတယ်

ညဘက်အပူချိန်က ညဦးပိုင်းမှာပူပြီး ညလယ်နဲ့အာရုံတက်မှာ နည်းနည်းအေးတတ်ပါတယ်။ စောင်အပါးလေးပဲဖြစ်ဖြစ်ခြုံအိပ်ခြင်းက ပြင်ပအပူချိန်ပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်ကိုမသက်ရောက်နိုင်အောင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။ စောင်အပါးလေးခြုံအိပ်ခြင်းက ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးတာကြောင့် နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာတာတွေမဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

(၂) နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်

ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတာကြောင့် ပူလွန်းတာ၊ အေးလွန်းတာတွေဖြစ်ပြီး တရေးနိုးတာ၊ အိပ်မရတာတွေမဖြစ်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

(၃) စိတ်လုံခြုံမှုကိုခံစားရစေတယ်

စောင်ခြုံထားခြင်းက မသိစိတ်ထဲကကြောက်ရွံ့အားငယ်စိတ်ကို လျော့နည်းစေပြီး လုံခြုံမှုကိုခံစားရပါတယ်။ ကလေးဘဝက ရှိခဲ့တဲ့ အမှောင်ကိုကြောက်ရွံ့စိတ်ကို ဖယ်ရှားပေးနိုင်ပါတယ်။

(၄) စိတ်ဖိစီးမှု၊ ပင်ပန်းမှုတွေကိုလျော့နည်းစေတယ်

အိပ်တဲ့အချိန်စောင်ခြုံထားတဲ့အခါ စိတ်လုံခြုံမှုကိုခံစားရတာကြောင့် အိပ်ပျော်နေတဲ့အချိန်မှာ သက်တောင့်သက်သာဖြစ်နေပြီး စိတ်ဖိစီးမှု၊ ပင်ပန်းမှုတွေကို လျော့နည်းသွားစေတာကြောင့် နိုးထလာတဲ့အချိန်မှာ လန်းဆန်းနေစေပါတယ်။