အသိပညာ၊ အတတ်ပညာများ တိုးတက်ရေး၊ မျိုးဆက်သစ်များ၏ ဘဝ မြှင့်တင်နိုင်ရေးအတွက် သိစေချင်၊ တတ်စေချင်သည့် စေတနာ အရင်းခံဖြင့် သင်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များလိုက်ပါ၍  ယနေ့မွန်းလွဲပိုင်း တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိကြရာ လေဆိပ်တွင် ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးထိန်လင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ရိုးရာအက အလှများဖြင့် လှိုက်လှဲစွာကြိုဆိုနှုတ်ဆက်ကြသည်။

        ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စစ်တွေတက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ နည်းပြ ဆရာ၊ ဆရာမ များအား သွားရောက်တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊   ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် တာဝန်ရှိသူများ၊ စစ်တွေတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ ခင်မောင်ဇော်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ နည်းပြ ဆရာ၊ ဆရာမ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင် များသည် စစ်တွေ တက္ကသိုလ်သို့ ရောက်ရှိကြရာ ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဇော် နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ဇော်မှ စစ်တွေတက္ကသိုလ်မှ ပညာရေးဆိုင်ရာသင်ကြားပို့ချပေး လျက်ရှိသည့် အခြေအနေများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ ပါရဂူဘွဲသင်တန်းများ စတင်ဖွင့်လှစ်သွားမည့်အခြေအနေများ၊ တက္ကသိုလ်ဘာသာရပ်များအလိုက် ဆရာ၊ ဆရာမများ ခန့်အပ်ထားရှိမှု အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ တက် ရောက် ပညာသင်ကြားလျက်ရှိမှု အခြေအနေများ၊ စစ်တွေတက္ကသိုလ်မှ ဘွဲ့များချီးမြှင့် အပ်နှင်းခဲ့မှုအခြေအနေများ၊ စာသင်ဆောင်၊ စာသင်ခန်းအရေအတွက်နှင့် ကျောင်းသား များ ဝင်ဆံ့မှု၊ ကျောင်းသား၊ ကျောင်းသူများ၏ အိပ်ဆောင်များတည်ဆောက်ထားရှိမှု၊ ဝင်ဆံ့မှုနှင့် လိုအပ်မှုအခြေအနေများ၊ တက္ကသိုလ်တွင် သင်ကြားရေးဆိုင်ရာ အဆောက်အဦများ တိုးချဲ့ဆောင်ရွက်ပေးရန်နှင့် အားကစားကွင်းများ အဆင့်မြှင့်တင် ရန် လိုအပ်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်၌ စစ်တွေတက္ကသိုလ်တွင် ဆရာ၊ ဆရာမများ ခန့်အပ်ထားနိုင်မှု၊ လိုအပ်သည့် စာအုပ်၊ စာစောင်များ ဖြည့်တင်းပေးနိုင် ခဲ့မှု၊ အင်တာနက်ရရှိရေးဆောင်ရွက်ပေးနိုင်မှု၊ အဆောက်အဦများ တိုးချဲ့ဆောက်လုပ် ပေးနိုင်ခဲ့မှုနှင့် လိုအပ်သည့် စာသင်ဆောင်များ ဆက်လက်ဆောက်လုပ်နိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “တက္ကသိုလ်” သို့မဟုတ် “တက္ကသီလာ” ဟူသည်မှာ အဆင့် မြင့် အတတ်ပညာ၊ အသိပညာ နည်းပညာရပ်များကို သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ကျင့်တရားကောင်းမွန်အောင် ပဲ့ကိုင်ပေးသည့် ဌာနပင်ဖြစ်ကြောင်း၊ နိုင်ငံနှင့် ဒေသ၏စွမ်းအားကိုမြှင့်တင်ပေးခြင်းဖြစ်ပြီး နိုင်ငံနှင့်ဒေသတိုးတက်ရေးအတွက်လိုအပ် သည့် အသိပညာနှင့် အတတ်ပညာများကို သင်ကြားပေးသည့် ဌာနပင်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု၊ ဒေသတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာများ ပြည့်စုံသည့် လူသားအရင်းအမြစ်များ များစွာ လိုအပ်ကြောင်း၊ မိမိတို့၏ ဆရာ၊ ဆရာမ များမှာ ယခင်ကိုလိုနီခေတ်တွင် မျက်နှာအငယ်ခံ၍ တက္ကသိုလ်ပညာများကို သင်ယူနိုင်ရန် ကြိုးစားခဲ့ကြကြောင်း၊ ထိုသို့ ကြိုးစားချိန်တွင် ကိုလိုနီအစိုးရအနေဖြင့် မြန်မာများအသိပညာ မတိုးပွားစေရေးအတွက် ပညာရေးနှင့် ပတ်သက်၍ ဖိနှိပ်ခဲ့ကြသဖြင့် ပညာရေးသပိတ်များလည်း ပေါ်ပေါက်လာခဲ့ ကြောင်း။

မိမိတို့တာဝန်ယူချိန်တွင် တက္ကသိုလ်ပညာသင်ကြားရေးတွင် အထောက်အကူပြု စေရန်အတွက် ပညာရေးဆိုင်ရာ ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ် သကဲ့သို့ နေထိုင်မှုစရိတ်များလည်း ပေးအပ်ခဲ့ကြောင်း၊ ချီးမြှင့်ငွေများပေးအပ်ရာတွင်  ပညာရပ်အလိုက် ပေးအပ်ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကာလ နိုင်ငံ့ စီးပွားရေး ကျဆင်းခဲ့သည့်ကြားမှ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး မိမိတို့အနေဖြင့် နိုင်ငံ၏ ကုန်ထုတ်လုပ်မှု များတိုးတက်အောင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံ့ဝင်ငွေများတိုးတက်အောင် ဆောင်ရွက်ခဲ့၍ ယခုအခါ မိမိတို့နိုင်ငံ၏စီးပွားရေးမှာ အထိုက်အလျောက် တိုးတက် လာပြီဖြစ်ကြောင်း။

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် လွန်စွာအရေးကြီးပြီး မိမိတို့နိုင်ငံအနေဖြင့် လွန်ခဲ့သည့်ကာလများကိုလေ့လာကြည့်ပါက အတန်းလိုက် တန်းစဉ်ကူးပြောင်းမှုများနည်းပါးခဲ့ကြောင်း၊ ရခိုင်ပြည်နယ်တွင်လည်း တန်းစဉ် ကူးပြောင်းမှုများနည်းပါးခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ဖြစ်ပေါ်ခဲ့ခြင်းမှာ နိုင်ငံတော်အတွက် စိန်ခေါ်မှုဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ကြောင်း၊ ပညာရေးအားပေးမှုနည်းပါးခြင်းကြောင့် နိုင်ငံတော်ကို အဘက်ဘက်မှ ထိခိုက်စေနိုင် ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရာခိုင်နှုန်းပြည့်မရရှိနိုင်ကြောင်း၊ စစ်တွေတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများတွင် ဒေသခံများ ပါဝင်ခြင်းကြောင့် မိမိတို့ ဒေသတိုးတက်ရေးအတွက် မိမိတို့သင်ကြားပေးနေရသည့် ကျောင်းသား၊ ကျောင်းသူ များ ပညာတတ်များဖြစ်စေရေး စနစ်တကျသင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း။

အခြေခံပညာအဆင့်၌ သင်ကြားသင်ယူမှုများဆောင်ရွက်ရာတွင် ပို့ချသင်ကြား ခြင်း(Teaching)ကို အဓိကထားဆောင်ရွက်ရပြီး အဆင့်မြင့်ပညာအဆင့် သင်ကြား သင်ယူမှုများဆောင်ရွက်ရာတွင် တွေးခေါ်လေ့လာသင်ကြားခြင်း(Studying)ကိုအဓိက ထားဆောင်ရွက်ကြကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ် ကောင်းမွန်စေရေးနှင့် ပညာရပ်များကို မှန်ကန်စွာတတ်မြောက်စေရေး စနစ်တကျ သင်ကြားပေးကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အတွေးအခေါ်များ ကောင်းမွန်လာမည်ဆိုပါက ၎င်းတို့၏ ဘဝကောင်းမွန်ရေးအတွက် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ တက္ကသိုလ်အတွေ့အကြုံသည်လည်း အရေးကြီးကြောင်း၊ နေရပ်ဒေသ အသီးသီးမှ လာရောက်သင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်မှသင်ကြားပေးမည့် အသိပညာ၊ အတတ်ပညာများအပြင် လူမှုစီးပွားဘဝကို တိုးတက်ကောင်းမွန်စေမည့် နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံ၊ ဝတ် စားဆင်ယင်မှုပုံစံနှင့် တွေးခေါ်မျော်မြင်မှုပုံစံ စသည့်အတွေ့အကြုံများကို ကောင်းမွန်စွာ ရရှိစေလိုကြောင်း၊ ပညာသင်ကြားရာတွင် ဘာသာရပ်ဆိုင်ရာ ပညာရပ်များအလိုက် ပညာများသာမက လူမှုရေးအတွေ့အကြုံများကိုပါ ရရှိသွားစေလိုကြောင်း၊ တက္ကသိုလ်သည် ဘာသာရပ် ဆိုင်ရာများနှင့် အတွေ့အကြုံကောင်းများရရှိရေး သင်ကြားဆောင်ရွက်ပေးသည့် နေရာ ဖြစ်သဖြင့် ပညာသင်ကြားရေး ဆောင်ရွက်နေသူ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ များအနေဖြင့် နိုင်ငံရေးထက် နိုင်ငံ့အရေးကိုသာ အလေးထားစေလို ကြောင်း။

ကျောင်းသား၊ ကျောင်းသူများအနက် ဘာသာရပ်များ အလိုက်ထူးချွန်သူများ အနေဖြင့် အဆင့်မြင့်သော ပညာသင်ကြားမှုများကို ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေခြင်း ဖြစ်သော်လည်း ဒီမိုကရေစီ၏ အခြေခံဖြစ်သည့် ဥပဒေအား လေးစားလိုက်နာခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေး အသိအမြင်ရှိခြင်းတို့၌ အားနည်းချက် များရှိကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် ဥပဒေဆိုင်ရာများနှင့် စီးပွားရေး ဆိုင်ရာများကို သိရှိနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် ဥပဒေပညာရပ်ကို နားလည်သိရှိ စေရေး တက္ကသိုလ်အားလုံးတွင် ဥပဒေပညာရပ်ကိုသင်ကြားပေးလျက်ရှိကြောင်း၊ အလားတူ စီးပွားရေးနှင့်ပတ်သက်သည့် အသိအမြင်များရှိစေရေးအတွက်လည်း စီးပွား ရေး အခြေခံဘာသာရပ်များကို သင်ကြားပေးလျက်ရှိကြောင်း၊ မိမိတို့၏ မျှော်မှန်း ချက်မှာတက္ကသိုလ်ပညာသင်ကြားပြီး ဘွဲ့ရရှိပြီးသူများအနေဖြင့် ၎င်းတို့၏လူမှုစီးပွား ဘဝနှင့် ပတ်ဝန်းကျင်ကို ကောင်းမွန်အောင် ဆောင်ရွက်နိုင်သူများဖြစ်ရန်အတွက် မျှော်မှန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမများ အနေဖြင့် လည်း ကျောင်းသား၊ ကျောင်းသူများ ပညာတတ်မြောက်စေရေးနှင့် ၎င်းတို့၏ ဘဝ တစ်လျှောက် ကောင်းမွန်မှန်ကန်စွာလျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေး ကြစေလိုကြောင်း။

တက္ကသိုလ်တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ တက္ကသိုလ်အပေါ် ဂုဏ်ယူနိုင်စေရန်အတွက် ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်း ပရိဝုဏ်အတွင်း သန့်ရှင်းသာယာလှပရေး တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆရာ၊ ဆရာမများ ခန့်အပ်တာဝန်ပေးရာတွင်လည်း သတ်မှတ်ဘာသာရပ်များအလိုက် ကျောင်းသားနှင့် ဆရာအချိုး ညီမျှအောင် ခန့်အပ် တာဝန်ပေးရန်လိုကြောင်း၊ စစ်တွေတက္ကသိုလ်အတွက် လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များ၊ စာသင်ဆောင်များ လိုအပ်မှုအတွက်လည်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လာမည့်ပညာသင်ကြားနှစ်များတွင် ထပ်မံ တိုးတက်လာမည့် ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ကြိုတင်တွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်း၊ ဘောလုံးကွင်းအဆင့်မြှင့်တင်မှုနှင့်ပတ်သက်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ စစ်တွေတက္ကသိုလ်ရှိ ကျောင်းသား၊ ကျောင်းသူများ ပညာ ရည်မြင့်မားရေးနှင့် အသိများတိုးတက်စေရေး အုပ်ချုပ်မှုပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် မှာကြား သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်နှင့် အဆောင်များအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စစ်တွေမြို့ View Point သို့ ရောက်ရှိကြပြီး ဒေသခံပြည်သူများ စိတ်လက်ချမ်းမြေ့စွာဖြင့် အပန်းဖြေအနားယူနေမှုများကို ကြည့်ရှု၍ ရင်းရင်းနှီးနှီးနှုတ် ဆက်ခဲ့ပြီး စစ်တွေမြို့ View Point သန့်ရှင်းသာယာလှပစေရေးအတွက် လိုအပ်သည် များအား တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။