အပူဒဏ် အန္တရာယ် ကာကွယ်ပါ

အပူဒဏ် အန္တရာယ် ကာကွယ်ပါ

အပူဒဏ် အန္တရာယ် ကာကွယ်ပါ အကြောင်းကတော့ အပူဒဏ်ကြောင့် အန္တရာယ်ရှိတဲ့ ကြွက်တက်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ ‌အပူကြောင့် သတိလစ်ခြင်း တွေဖြစ်တတ်ပါတယ် ။ အထူးသဖြင့် မြန်မာနွေက ပိုမိုပူပြင်းတတ်တဲ့အတွက် သက်ကြီးရွယ်အို ၊ ကလေးသူငယ်များအဝလွန်သူများနဲ့ အရက်သောက်တဲ့လူတွေကို ပိုမို ဂရုစိုက်ဖို့ လိုအပ်ပါတယ် ။

အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်းရဲ့ လက္ခဏာတွေက

  • ကြွက်တက်ခြင်း
  • မူးဝေခြင်း
  • အသက်ရှူမြန်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ဂနာမငြိမ်ဖြစ်ခြင်း
  • ရေအလွန်ငတ်ခြင်း
  • အသားအရည် ဖြူဆုတ်သွားခြင်း
  • ချွေးအထွက်လွန်ပြီး မေ့လဲခြင်းတွေ ဖြစ်တတ်ပါတယ် ။

ဒီထက်ဆိုးတဲ့ အခြေအနေကတော့ အပူကြောင့် သတိလစ်ခြင်းဖြစ်ရင်တော့ အပေါ်က လက္ခဏာတွေအပြင်

  • ကိုယ်ပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက်ထက် တက်ခြင်း
  • ကယောင်ကတမ်းဖြစ်ခြင်း
  • သတိ‌မေ့မြောခြင်း
  • သွေးခုန်နှုန်း ကျသွားခြင်း
  • တက်ခြင်း
  • အရေပြား ခြောက်သွေ့ခြင်းတွေ ဖြစ်တတ်ပါတယ် ။

ဒီအခြေအနေတွေက အရေးပေါ် ကုသမှုခံယူရမယ့် အခြေအနေဖြစ်တဲ့အတွက် ဆေးရုံကို အမြန်ဆုံးပြေးဖို့ လိုအပ်ပါမယ်။ လမ်းမှာ လူနာက သတိလစ်ခြင်း အန်ခြင်းတွေ ဖြစ်နေရင်တော့ ရေမတိုက်သင့်ပါဘူး။ အဖျော်ယမကာ နဲ့ ကဖင်းဓာတ်ပါတဲ့ အရည်တွေကိုလည်း ရှောင်သင့်ပါတယ်။

အပူကြောင့် ကြွက်တက်သူတွေအနေနဲ့

  • အရိပ်ရတဲ့နေရာမှာ နေထိုင်ပါ
  • ကြွက်တက်နေတဲ့ နေရာကို အနည်းငယ်နှိပ်နယ်ပေးခြင်း ၊ ကြွက်သားဖြေလျှော့ခြင်းတွေ လုပ်ပါ
  • sport drink သို့မဟုတ် ရေအေးအေးကို ၁၅မိနစ် တစ်ကြိမ်ခန့်သောက်ပါ
  • စိတ်အေးအေးထားပါ။ ကြွက်တက်တဲ့နေရာကို အတင်းကျအောင် အားနဲ့ ဖိနှိပ်ညှစ်တာမျိုး မလုပ်ပါနဲ့။

အပူဒဏ်ကြောင့် ပင်ပန်းနေတဲ့လူနာတွေကို

  • အရိပ်ရပြီး အေးတဲ့နေရာမှာ နေထိုင်စေခြင်း
  • အဝတ်အစား ချောင်ချိအောင် ပြုလုပ်ခြင်း
  • မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နဲ့ ခြေလက်တွေကို ရေပတ်တိုက်ပေးခြင်း
  • ကိုယ်အေးအောင် ယပ်တောင်ခပ်ပေးခြင်း
  • ရေအေးအေးကို ၁၅မိနစ် တခါသောက်ပေးစေခြင်းတွေကို ပြုလုပ်သင့်ပါတယ် ။

အပူကြောင့် သတိလစ်ခြင်းကတော့ အသက်အန္တရာယ်ရှိတဲ့အတွက် ဆေးရုံကို အမြန်ပြေးရပါမယ် ။ လမ်းမှာ

  • လူနာကို အဝတ်အစား ချောင်ချိတာ ဝတ်စေခြင်း
  • ချွေးထွက်နေတဲ့ အဝတ်စိုမှန်သမျှ ဖယ်ခြင်း
  • မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နဲ့ ခြေလက်တွေကို ရေပတ်တိုက်ပေးခြင်း
  • ချိုင်းကြား ပေါင်ကြားများ ရေဝတ်ကပ်ပေးခြင်း
  • ယပ်တောင် ခပ်ခြင်း
  • လူနာသတိရနေရင် ရေ‌အေးအေး တိုက်ပေးခြင်းတွေ ပြုလုပ်သင့်ပါတယ် ။

အပူကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကို ကာကွယ်ဖို့အတွက်

  • အနားယူပါ
  • အဝတ်အစား အရောင်ဖျော့‌ဖျော့ ချောင်ချောင်ချိချိ အဝတ်တွေ ဝတ်ပါ
  • နေပူထဲထွက်တာကို ရှောင်ပါ။
  • ရေများများသောက်ပြီး
  • အရက်ကို ရှောင်ရှားဖို့ တိုက်တွန်းပါရစေ