ကမ္ဘာ့ဘဏ်လုပ်ငန်းမတည်ငြိမ်မှုများက တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူတွေကို တွန်းအားပေး

အမေရိကန်နှင့် ဥရောပတို့ရှိ ဘဏ်လုပ်ငန်းအကျပ်အတည်းများသည် အနောက်အုပ်စုနိုင်ငံများ၏ ဘဏ္ဍာရေးစနစ် အပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပျက်ပြားစေသည့်အပြင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင် သင့်သည့် ဘေးကင်းသည့်နေရာတစ်ခုဖြစ်သည်ကို မီးမောင်းထိုးပြသလိုဖြစ်နေကြောင်း Citi ကုမ္ပဏီ၏ စီးပွားရေး ပညာရှင်များ၏ ပြောကြားချက်ကို ကိုးကားပြီး CNBC သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်နှင့် ဥရောပတို့တွင် ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပွားနေချိန်တွင် တရုတ်၏ စီးပွားရေးသည် ယခုနှစ် တွင် အရှိန်အဟုန်ဖြင့် ပိုမိုချဲ့ထွင်လာနိုင်ခဲ့ကြောင်း သိရသည်။ Citi ကုမ္ပဏီ၏ တရုတ်စီးပွားရေးပညာရှင်ချုပ် Xiangrong Yu ဦးဆောင်သော အဖွဲ့တစ်ဖွဲ့ က “တရုတ်နိုင်ငံက ဒီနှစ်မှာ ကြီးမားတဲ့စီးပွားရေးတိုးတက်မှုတွေ အတွက် အကာအကွယ်တစ်ခုဖြစ်လာနိုင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ အမြင်ကိုဆွေးနွေးနေတာကြာပါပြီ။ မကြာသေးမီက ကမ္ဘာလုံးဆိုင်ရာဘဏ်လုပ်ငန်းနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့အကျပ်အတည်းတွေက တရုတ်နိုင်ငံ နဲ့ ပတ်သက်တဲ့ဒီအဆိုပြုချက်ကို ပိုမိုအားကောင်းလာစေခဲ့တာဖြစ်နိုင်ပါတယ်။ တရုတ်ဟာ ဘဏ္ဍာရေးခိုင်မာမှု၊ မူဝါဒစည်းကမ်းနဲ့ စီးပွားရေးလည်ပတ်မှုအသစ်တွေကို ပေးဆောင်နိုင်တဲ့ ဘေးကင်းတဲ့နေရာတစ်ခုဖြစ်နိုင်ပါတယ်” ဟု ပြောဆိုခဲ့ကြသည်။

ယခုလအစောပိုင်းက ပြုလုပ်သော တရုတ်အစိုးရ၏ ပြန်လည်ဖွဲ့စည်းပုံသည် ဘဏ္ဍာရေးအန္တရာယ်ကို ဖြေလျှော့ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းတို့က မှတ်ချက်ပြု ပြောဆိုခဲ့သည်။

ထို့အပြင် အမေရိကန်ဒေါ်လာအစား တရုတ်နိုင်ငံသုံးငွေကြေး ယွမ် အသုံးပြုမှုသည် ယခုနှစ် စက်တင်ဘာလတွင် ပိုမိုအားကောင်းလာနိုင်ဖွယ်ရှိသည်ဟု မျှော်လင့်မိကြောင်း Citi ကုမ္ပဏီ၏ ပြောဆိုချက်ကို ကိုးကားပြီး CNBC သတင်းဌာနက ဖော်ပြခဲ့သည်။

Citi ကုမ္ပဏီ က “နိုင်ငံရပ်ခြားမှာ အတိုးနှုန်းမြင့်တက်လာတာတွေကြောင့် မလိုလားအပ်တာတွေဖြစ်ခဲ့ပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံသူတွေက ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်ပြီး ကုန်သွယ်မှုတွေကို ပြန်လည် လုပ်ဆောင်လာမယ် ဆိုပါက တရုတ်နိုင်ငံကို အရင်းအနှီးတွေ ပြန်လည်ဝင်ရောက်လာနိုင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

Pika (NP News)