ကမ္ဘာ့အကောင်းဆုံးတင့်အမျိုးအစားဖြစ်လာသည့် T-90M တိုက်ပွဲဝင်တင့်များ

ရုရှားနိုင်ငံထုတ် T-90M တိုက်ပွဲဝင်တင့်များသည် လက်ရှိတွင် ကမ္ဘာ့အကောင်းဆုံးတင့် အမျိုးအစားဖြစ်ပြီး ယင်းတင့်ကားများသည် Leopard၊  Challenger၊ Abrams တင့်များနှင့်ယှဉ်ပါက နည်းဗျူဟာ နှင့်နည်းပညာအရ ပိုမိုသာလွန်ကောင်းမွန်ကြောင်း  ရုရှားလုံခြုံရေးကောင်စီဒုတိယဥက္ကဋ္ဌဒီမီထရီမက်ဗီဒက်ကပြောသည်။

မိမိ၏အမြင်တွင် T-90M တင့်သည်အနောက်နိုင်ငံများက ထုတ်လုပ်ထားသည့် အခြားတင့်များထက်  ပိုမိုကောင်းမွန်ပြီး ကမ္ဘာပေါ်တွင် နည်းပညာအချက်အလက်အရ   အကောင်းဆုံးသောတင့်အဖြစ် ရပ်တည်လျက်ရှိကြောင်း   မက်ဗီဒက်က Sputnik သတင်းဌာနအပါအဝင် ထိပ်တန်းရုရှားမီဒီယာများနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ရပ်တွင် ပြောကြားခြင်းဖြစ်သည်။

ရုရှားနိုင်ငံသည် ယခုနှစ်အတွင်း T-90M တင့်အစင်းပေါင်း ၁၅၀၀ ခန့်ကိုထုတ်လုပ်ရန် စီစဉ်ထားသည်။  အဆိုပါတင့်များသည် အနောက်နိုင်ငံများက ထုတ်လုပ်ထားသည့် တင့်များနှင့်နှိုင်းယှဉ်ပါက  နည်းပညာပိုင်းတွင် ရှုပ်ထွေးမှုမရှိသည့်အပြင် ထုတ်လုပ်မှုအတွက်   ကုန်ကျစရိတ်ကို  လျှော့ချပေးနိုင်သည်။ လက်ရှိတွင် T-90M ပင်မတိုက်ပွဲဝင်တင့်သည် ရုရှားနိုင်ငံ၏တတိယမျိုးဆက်သစ်   တင့်အမျိုးအစားတစ်ခုဖြစ်ပြီး  ကမ္ဘာ့ဈေးကွက်တွင် စီးပွားရေးအရလည်း   အောင်မြင်မှုအရှိဆုံးသော စစ်လက်နက်ပစ္စည်းတစ်ခုအဖြစ်ရပ်တည်လျက်ရှိသည်။  ထို့ပြင်  T-90M ပင်မတိုက်ပွဲဝင်တင့်သည် အခြားသောတင့်များထက်   ထုတ်လုပ်မှု ကုန်ကျစရိတ်များစွာ သက်သာသောကြောင့်  ရုရှားနိုင်ငံအပြင် အယ်လ်ဂျီးရီးယား၊ အဇာဘိုင်ဂျန်၊ အိန္ဒိယ၊ တာ့မင်နစ္စတန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့တွင်လည်း အသုံးပြုလျက်ရှိသည်။

ရုရှားနိုင်ငံသည် အဆိုပါ တိုက်ပွဲဝင်တင့်များကို လက်နက်ကိုင်တပ်ဖွဲ့တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစ၍အသုံးပြုခဲ့ခြင်း ဖြစ်သည်။နောက်ဆုံးပေါ် T-90M ပင်မတိုက်ပွဲဝင်တင့်များတွင်  အဆင့်မြှင့်တင်ထားသည့် ပစ်ခတ်မှု  ထိန်းချုပ်ရေးစနစ်များပါဝင်ပြီး ယင်းတင့်များသည် မူလကထုတ်လုပ်ထားသော T-90M တင့်များထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သည်။

ထို့ပြင် T-90M ပင်မတိုက်ပွဲဝင်တင့်များတွင် ပစ်မှတ်ကိုရှာဖွေကြည့်ရှုရာတွင် အထောက်အကူပြုစေမည့်  အဆင့်မြင့်နည်းပညာသုံးစနစ်ကိုလည်း တပ်ဆင်ထားသောကြောင့် တပ်မှူးများအနေဖြင့် စစ်မြေပြင်တွင်ရန်သူတပ်များနှင့် တိုက်ပွဲအခြေအနေကို ရှင်းလင်းစွာတွေ့မြင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့်  T-90M ပင်မတိုက်ပွဲဝင် တင့်များသည် ရန်သူတပ်များ၏ ပစ်မှတ်များကို အလွယ်တကူ ထောက်လှမ်း ရှာဖွေ၍ ပစ်ခတ်နိုင်စွမ်းရှိသောကြောင့် ခြေလျင်နှင့် အခြားတပ်ဖွဲ့များအတွက် ပစ်အားကို တိုးမြှင့်ခြင်းအားဖြင့် များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။