သူ့အတွက် ရိုနယ်ဒိုကသာ ထာဝရ အကောင်းဆုံး ကစားသမားပါလို့ ပြောလာတဲ့ အိုဇေးလ်

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဘောလုံးသမား ဘဝကနေ အနားယူသွားခဲ့တဲ့ အာဆင်နယ် ၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျာမဏီတို့ရဲ့ ကြယ်ပွင့် ကွင်းလယ်လူဟောင်း မီဆွတ် အိုဇေးလ်က ဘယ်သူတွေ ဘာပြောပြော သူ့အတွက် အသင်းဖော်ဟောင်း ရိုနယ်ဒိုကသာ ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ဂျာမဏီ ကြယ်ပွင့်ဟောင်း မီဆွတ် အိုဇေးလ်က အသက် ၃၄နှစ် အရွယ်သာ ရှိသေးပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှု အနေအထားနဲ့ မိသားစုကို အချိန်ပေးချင်တာတို့ကြောင့် ကစားသမားဘဝ ကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး အိုဇေးလ်ရဲ့ နောက်ဆုံးကလပ်ဟာ တူရကီကလပ် ဘက်ရှိုင်းယားပဲ ဖြစ်ပါတယ်။

အိုဇေးလ်က သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဘွန်ဒက်လီဂါကလပ် ရှော်ကေးနဲ့ စတင်ခဲ့ပြီး ရှော်ကေး ၊ ဝါဒါဘရီမင် ၊ ရီးရဲလ်မက်ဒရစ် ၊ အာဆင်နယ် ၊ ဖီနာဘာချီနဲ့ ဘက်ရှိုင်းယား စတဲ့ အသင်းတွေမှာ ကစားခဲ့ကာ စုစုပေါင်း ဆုဖလား ၁၃လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

မီဆွတ် အိုဇေးလ်က ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမားတွေထဲက တဦး ဖြစ်တာကြောင့် သူ့ရဲ့ ကစားသမား ဘဝမှာ ထိပ်တန်း ကစားသမားတွေ အများအပြားနဲ့ တွဲဖက် ကစားခဲ့ဖူးပြီး အိုဇေးလ်နဲ့ အတွဲအညီဆုံး ကစားသမားကတော့ ပေါ်တူဂီကြယ်ပွင့် ခရစ္စတီယာနို ရိုနယ်ဒိုပါပဲ။

အိုဇေးလ်နဲ့ ရိုနယ်ဒိုတို့က ရီးရဲလ်မက်ဒရစ်မှာ နှစ်အနည်းငယ်သာ အတူတူ တွဲဖက် ကစားခွင့် ရခဲ့ပေမယ့် နှစ်ဦးစလုံးက တဦးပေါ် တဦး အတော်လေး ချစ်ခင်ကြပြီး ရိုနယ်ဒိုက အိုဇေးလ်ကို ရောင်းထုတ်လို့ ရီးရဲလ်မက်ဒရစ်ကို စိတ်ပျက်ကြောင်း တရားဝင် ထုတ်ပြောခဲ့ဖူးသလို အိုဇေးလ်ကလည်း သူ့အတွက် ရိုနယ်ဒိုကသာ ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနကို ပြောကြားသွားပါတယ်။

အိုဇေးလ်က ခရစ္စတီယာနို ရိုနယ်ဒိုနဲ့ တွဲကစားရတာက အတော်လေးကို ပျော်ဖို့ ကောင်းပါတယ်။ ကျွန်တော့်အတွက် သူက ထာဝရ အကောင်းဆုံး ကစားသမားပါပဲ။ ကျွန်တော်တို့က အတော်လေး အတွဲညီခဲ့တာပါ။ ကျွန်တော်တို့ရဲ့ အတွဲက ပြီးပြည့်စုံတဲ့ အတွဲလို့ ပြောရင်တောင် မှားမယ် မထင်ပါဘူး။ ပေးလိုက်တဲ့ ဘောလုံးတွေကို ဘယ်တော့မှ မဖြုန်းတီးတတ်တဲ့ ကစားသမား တယောက်နဲ့ တွဲကစားရတာဟာ လက်ဆောင် တခု ရထားသလိုပါပဲ ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

CRD;