“မိန်းကလေးတိုင်းဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့စာပါ”
သတိထား ညီမလေး
အရေခွံဘယ်လောက်လဲလဲ
မြွေဆိုတာ တီဖြစ်မသွားဘူး
ပြောင်းလဲတဲ့လောကကြီးမှာ လိုက်ဖက်ညီအောင်
အရောင်ပြောင်းနေရင် ပုတ်သင်ညိုသာသာဖြစ်တော့မှာပေါ့။
ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်
ခြေဆေးမခံရအောင် အိုင်ထဲထိုင်မယ့်အစား
ရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဖိုးတက်လာပါလိမ့်မယ်။
အိမ်နဲ့ဝေးတိုင်းလဲ အားငယ်စိတ်မပျက်ပါနဲ့
အမောပြေရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့
အမေ နေ့တိုင်းခပ်ထားတယ်။
ညီမလေး
စဉ်းစားရတယ်ဆိုတာ
မိန်းကလေးတိုင်းရဲ့ သမိုင်းပေးတာဝန်
အရိုးဆို ကြည့်ရှောင်ရမယ်လေ။
ကိုယ်က ခဏတာဝါးမယ့်သွားမဟုတ်ဘူး
စကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်
ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်။
တကယ်တော့ ဟင်းချေးများတယ်ဆိုတာ
အစားကောင်းစားရတဲ့သူတွေကို
သမုတ္တဲ့ အမည္သက္သက္ပါ။
ညီမလေး
ချစ်တာတော့ ချစ်ပါ
ပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့။
ဘဝနဲ့ရင်းတဲ့ လက်ရေးအတွက် ဖျက်ဆေးမရှိဘူး။
ဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုအတွက် စိတ်ရိုင်းမမွေးမိပါစေနဲ့
မှတ်ပုံတင်ထဲပြန်ကြည့်ပါ ညီမလေး
ကိုးကွယ်စရာမှာ အချစ် မဟုတ်ဘူးလေ။
ညီမလေးရေ
အချစ်ဦးသူ လွဲဖူးသူ ၊ချစ်တဲ့သူတိုင်းပေါင်းစပ်ခွင့်မရ
သူတွေဟာ အိမ်ရှေက ခရပွင့်တွေကြွေသလောက်ရှိတယ်။
အသည်းကွဲတယ်ဆိုပြီး ဘီယာသောက်
လောကကြီးကို မှောက်ပစ်တတ်တာ
ပညာမဲ့သူတွေ သက်သက်ပေးတဲ့ဆင်ခြေတစ်ခုပါ။
မုန်တိုင်းထဲမှာလဲ အောက်ဆီဂျင်ပါပါတယ်
လေနည်းတယ်အထင်နဲ့ ရွက်ကိုတော့ပြင်းပြင်းမလွင့်လိုက်ပါနဲ့။
တည်ငြိမ်ခြင်းဆိုတာ မိန်းကလေးအိန္ဒြေလေ
တန်ဖိုးသိတဲ့သူက တန်ဖိုးထားလာပါလိမ့်မယ်
ကိုယ်ကသာ ရတနာတစ်ပါးဖြစ်ပါစေ ညီမလေးရေ။
ညီမလေးရေ
ယောကျ်ားဆိုတာ
ဧကရာဇ်ဘုရင်ပဲဖြစ်ဖြစ်
နန်းကျဘုရင်ပဲဖြစ်ဖြစ်
မြှောက်စားတာ ခံချင်ကြတယ်။
ကျားကြီးရဲ့ ဆရာဖြစ်ဖို့ဆိုတာ
ကြောင်တစ်ကောင်လို ညင်သာတတ်မှဖြစ်မယ်။
ကမ္ဘာကျော်တဲ့ စစ်သူရဲတစ်ယောက်တောင်
အပြောချိုတဲ့ အအိုချောကြောင့်
ကမ္ဘာတစ်ဝက်ကို တက်သိမ်းဖူးတယ်လေ။
လေယူရာတိမ်းတတ်တဲ့ ပန်းပင်ဟာ
ဘယ်လေကြမ်းကြောင့်မှ အမြစ်မကျိုးဘူး
ပုခက်လွဲသောလက်ဟာ ကမ္ဘာကို
အုပ်စိုးနိုင်တယ်ဆိုတဲ့နောက်မှာ
ချိုသော စကားပြောတတ်တဲ့ နှုတ်ခမ်းတစ်စုံလိုတယ် ညီမလေး။
ညီမလေးရေ
ရင်ဘောင်တန်းတယ်ဆိုတိုင်း
ခြေရာတော့ လိုက်မတိုင်းလေနဲ့။
ကြောင်ဘယ်လောက်ခြေရာကြီးကြီး
ကျားကြီးကိုတော့ ဘယ်မှီမလဲ
အသားစားသတ္တဝါချင်းတူပေမယ့်
စကားအဆိုသာ ကြောင်က ဆရာဖြစ်တာ
ကျားဆိုတာ ကြောင်သားလဲ စားချင်စားမှာလေ
သဘာဝဘေးဆိုတာ သဘာဝတွေ ဆန့်ကျင့်လို့ဖြစ်ရတာ
နစ်နာခြင်းမရှိရအောင် ဘောင်အတွင်းကသာ
မိန်းမဆန်ပါ ညီမလေးရေ…..။
ညီမလေးရေ
စာများများဖတ်ပြီး ဝေဖန်ဆုံးဖြတ်နိုင်ပါစေ
ဖတ်ပါ မှတ်ပါ လေ့လာပါ။
အစွန်းတစ်ဖက်တော့ မရောက်စေနဲ့
စာပေဆိုတာ လူဘဝအတွက် အလင်းစက်တစ်ခုပေါ့။
ညီမလေးရေ
သစ်ရွက်တွေ ကြွေရုံနဲ့တော့
သစ်ပင်ကြီးမသေပါဘူး။
ကြယ်လေးတွေကြွေရုံနဲ့လည်း
ကောင်းကင်ကြီးမသေပါဘူး။
ပန်းပုတစ်ရုပ်လှဖို့ဆိုတာ
ထွင်းထုတ်လိုက်ရတဲ့ အသားတွေရှိတတ်စမြဲပဲလေ။
လဲလို့သာ ပြန်မထကြရင်
လူဆိုတာ တွားသွားသတ္တဝါဖြစ်ကုန်မှာပေါ့။
အားမလျော့ပါနဲ့…သွားတဲ့သူအတွက် လမ်းရှိပါတယ်
အတိတ်ဆိုတာ ချခင်းထားတဲ့ကော်ဇောတစ်ချပ်သာမို့
ခပ်နာနာတစ်ချက် နင်းပြီး အနာဂ္ဂါတ်ကို စိတ်နဲ့ပစ်ခွင်းလိုက်ပါ