စစ်တက္ကသိုလ်၏(၆၅)ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက (၆၅) ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပပြုလုပ်ရာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ဇော်မင်းလတ်၊ စစ်တက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ်သိန်းလွင်နှင့် စစ်တက္ကသိုလ်မှ ပညာရေး အဖွဲ့ဝင်များ၊ ဘွဲ့အပ်နှင်းခံရမည့် အရာရှိကြီးများ၊ အရာရှိများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ် နှင့် ပညာရေးအဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမသို့ ဝင်ရောက်၍ သတ်မှတ် နေရာများတွင် နေရာယူကြပြီးနောက် မြန်မာ့ဆိုင်းတူရိယာအဖွဲ့က နိုင်ငံတော် သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ယင်းနောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာခဲ့ပြီး ဘွဲ့ယူမည့်သူများအား ကတိသစ္စာခံယူစေခြင်း၊ မော်ကွန်းထိန်းက ဘွဲ့ယူမည့်သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ခြင်း၊ ပါရဂူဘွဲ့/မဟာသိပ္ပံဘွဲ့/မဟာဝိဇ္ဇာဘွဲ့/ဘွဲ့လွန်ဒီပလိုမာဘွဲ့ ရရှိသူများအား ဘွဲ့လက်မှတ်များ အသီးသီး ချီးမြှင့်အပ်နှင်းခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။