မိုးညှင်းမြို့နယ်တွင် ငွေကျပ် (၁၀၇၂.၅) သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် မတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီအချိန် ငွေကျပ် ၁၀၇၂.၅  သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ် ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသော ခရီးသည်တင် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ဒေါ်မာအေး တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ဆပ်ပြာခွက်များဖြင့် ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၄.၂၉ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၀၇၂.၅ သိန်း)၊ မြန်မာငွေကျပ် ၅၀၀၀၀ နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဒေါ်မာအေး (၅၀) နှစ်အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။