AUKUS အဖွဲ့ကြောင့် ဒေသတွင်းနိုင်ငံများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများထွက်ပေါ်လာစေနိုင်ဟု ရုရှားသတိပေး

သြစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့ပါဝင်သည့် သုံးနိုင်ငံလုံခြုံရေး မဟာမိတ်အဖွဲ့(AUKUS)သည် အာရှဒေသ၌ နေတိုးတပ်ဖွဲ့၏ စစ်ရေးအခြေခံ အဆောက်အအုံများကို တိုးမြှင့်လုပ်ဆောင်လာခြင်းကြောင့် လာမည့်နှစ်များအတွင်း ဒေသတွင်းနိုင်ငံများနှင့် ကာလ ရှည်ကြာဖြစ်ပွားမည့် ထိပ်တိုက်ရင်ဆိုင်မှုများကို ထွက်ပေါ်လာစေနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့ ကမတ် ၁၄ ရက်တွင် သတိပေးလိုက်သည်။

လက်ရော့၏ အဆိုပါပြောကြားချက်သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်နှင့် သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘနိစ်တို့က AUKUS အဖွဲ့၏ သဘောတူညီချက်အရ သြစတြေးလျနိုင်ငံအတွက် နျူကလီးယားစွမ်းအင်သုံး ရေငုပ် သင်္ဘောများ တည်ဆောက်မည့် အသေးစိတ်အချက်အလက်ကို ထုတ်ဖော်ပြောကြားပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများတည်ဆောက်မည့် အစီအစဉ်အရ အမေရိကန်အစိုးရအနေဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်  အစောပိုင်းတွင်  သြစတြေးလျနိုင်ငံသို့ Virginia  အတန်းအစားနျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘောသုံးစင်းကို လွှဲပြောင်း ပေးမည်ဖြစ်သည်။

ထို့ပြင် AUKUS အဖွဲ့၏သဘောတူညီချက်အရ အဖွဲ့ဝင်သုံးနိုင်ငံအကြားတွင် ဆိုက်ဘာ၊ မှတ်ဉာဏ်တုနည်းပညာ၊ quantum နည်းပညာ အပါအဝင်  အသံထက်မြန်သည့် လက်နက်စနစ်များ၊  နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘောများ စသည့် ကာကွယ်ရေး စွမ်းဆောင်ရည်ကဏ္ဍတွင် နည်းပညာမျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။                 

Ref: Sputnik