မူးယစ်ဆေးဝါးပပျောက်ရေး အားလုံးဆောင်ရွက်ပေး

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် လှုပ်ရှားဆောင် ရွက်ခဲ့သည်။ ယနေ့တိုင်လည်း ဆောင်ရွက်နေဆဲဖြစ်သည်။ နယ်ချဲ့တို့၏ ဆိုးမွေအဖြစ်ကျန်ရစ်ခဲ့သော ဘိန်းစိုက်ပျိုးမှုကို   တရုတ်ဖြူကူမင်တန်တို့  မြန်မာနိုင်ငံအတွင်းကျူးကျော် ဝင်ရောက်ကာ ဘိန်းစိုက်ပျိုးခြင်းကို ကြီးထွားအောင် လုပ်ဆောင်ခဲ့ပြန်သည်။ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူတို့ပူးပေါင်းလက်တွဲပြီး  ၁၉၇၅ ခုနှစ်  စက်တင်ဘာလမှ ၁၉၈၈ ခုနှစ် ဧပြီလအထိ မိုးဟိန်းစစ်ဆင်ရေး၊ ငရဲပန်းစစ်ဆင်ရေး၊ တောင်ရန်ရှင်းစစ်ဆင်ရေး၊ တောင်ထိပ်ပန်းစစ်ဆင်ရေးနှင့် အောင်မိုးဟိန်းစစ်ဆင်ရေး များဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့သည်။

၂၀၁၃ ခုနှစ်မှ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့အထိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး ၂၈ ခုဆောင်ရွက်ခဲ့ရာတွင် ထူးခြားသော စစ်ဆင်ရေးတစ်ခုမှာ MoU ခြောက်နိုင်ငံတစ်ပြိုင်တည်း ဆောင်ရွက်ခဲ့သော “Operation 1511” စစ်ဆင်ရေး ဖြစ်သည်။ ထိုစစ်ဆင်ရေးမှာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၃ သန်းကျော်၊ အိုက်စ် ၅၀၁ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ စုစုပေါင်းတန်ဖိုးငွေကျပ် ၄၁၄ ဘီလီယံကျော်ဖိုး စံချိန်တင် ဖမ်းဆီးနိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်အောင်မြင်မှုဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ တစ်နှစ်ထက်တစ်နှစ် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများလည်း များပြားလျက်ရှိသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးလုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ အာဆီယံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေး၊ မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ အာဆီယံလေကြောင်း ကြားဖြတ်စစ်ဆေးရေးတပ်ဖွဲ့အစည်းအဝေး၊ အာဆီယံပင်လယ်ဆိပ်ကမ်း တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ အစည်းအဝေးနှင့် အာဆီယံမူးယစ်ဆေးဝါး စောင့်ကြည့်စစ်ဆေးရေးကွန်ရက်  အစည်းအဝေးတို့မှတစ်ဆင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး(UNODC)၊ သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP)၊ အမေရိကန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အုပ်ချုပ်မှုအဖွဲ့(DEA)၊ တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင်(NNCC)၊ ထိုင်းနိုင်ငံမူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့(ONCB)တို့နှင့်နည်းပညာ၊ ပစ္စည်းကိရိယာအကူအညီများရယူခြင်း၊ မူးယစ်ဆေးဝါး ဆိုင်ရာ သတင်းဖလှယ်ခြင်းတို့ကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

လူသားတို့၏ တိုးတက်ကြီးပွားရေးနှင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိသည်မှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှု ဖြစ်သည်။ မူးယစ်ဆေးဝါးကြောင့် လူငယ်လူရွယ်တို့ လမ်းမှားသို့ ရောက်သွားကြသည်။ မူးယစ်ဆေးဝါးကို စွဲလမ်းစွာသုံးစွဲထားသဖြင့် မည်သည့်ပြစ်မှုမျိုးကို မဆိုကျူးလွန်ရဲလာကြသည်။ မူးယစ်ဆေးဝါးသုံးစွဲရန်အတွက် ငွေကြေးရမည်ဆိုလျှင် ဘာမဆိုလုပ်ဆောင်ရန် ဝန်မလေးသော အနေအထားသို့ ရောက်လာကြသည်။ မူးယစ်ဆေးဝါး တရားမဝင်ရောင်းချသူများက လူငယ်များကို ပစ်မှတ်ထား လာကြသည်။  လူငယ်မောင်မယ်တို့မှာ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချသူတို့၏ ပစ်မှတ်ဖြစ်လာသည်။

မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်းသုံးခုကိုအဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ဥပဒေများပြဋ္ဌာန်းခြင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းနှင့် စီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက် နိုင်ခဲ့သည်။ မူးယစ်ဆေးဝါး တားဆီးရေးဗဟိုအဖွဲ့ကိုလည်း အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ မူးယစ်ဆေး စွဲသူများကို ကုသရေးအနေဖြင့် မူးယစ်ဆေးစွဲကုသရေးဌာနကြီးပေါင်း ၂၆ ခု၊   မူးယစ်ဆေးစွဲကုသရေး ဌာနငယ်ပေါင်း ၄၇ ခုနှင့် မက်သာဒုံးတိုက်ကျွေးသော ဌာနပေါင်း ၅၁ ခုခန့်ရှိပြီး မူးယစ်ဆေးဝါးကုသရေး လုပ်ငန်းများအနေဖြင့် အရေအတွက်အရသာမက အရည်အသွေးပိုင်းဆိုင်ရာ တိုးတက်ရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရေးနှင့် ဘက်စုံပညာရေး ကဏ္ဍမြှင့်တင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ ထိုရည်မှန်းချက်များ အောင်မြင်ရေးအတွက် မူးယစ်ဆေးဝါးမှာလည်း အဟန့်အတား တစ်ခု ဖြစ်သည်။ လူငယ်မောင်မယ်များအနေဖြင့် မူးယစ်ဆေးဝါးကို ရွံရှာမုန်းတီးစိတ်ဖြစ်ပေါ်ကာ ဝေးဝေးကရှောင်ကြဉ်နိုင်ကြမှသာ ဘဝတိုးတက်လမ်းများ မြင့်မားနေမည်ဖြစ်သည်။ ထို့ကြောင့်နိုင်ငံတော်အစိုးရအနေဖြင့် အခြားသော တားဆီးနှိမ်နင်းရေး မိတ်ဖက် အဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းပြီး  မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို စွမ်းဆောင်လျက်ရှိသည်မှာ မူးယစ်ကင်းစင် သောနိုင်ငံတော်ဖြစ်ရေးကို လမ်းခင်းပေးနေခြင်းဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။