ကမ္ဘာ့ရာဘာဈေးကြောင့် ပြည်တွင်းရာဘာဈေးပြန်တက်လာပြီး ရာဘာ ၇၅ ရာခိုင်နှုန်းကို တရုတ်က ဝယ်နေ

ကမ္ဘာ့ရာဘာဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရာဘာဈေးပြန်တက်လာပြီး ပြည်တွင်းရာဘာထွက်နှုန်းရဲ့ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ဝယ်ယူနေတယ်လို့ မြန်မာနိုင်ငံရာဘာ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရပါတယ်။

“လက်ရှိ ပြည်တွင်းကထွက်တဲ့ ရာဘာကို တရုတ်ကအများဆုံးဝယ်နေတယ်။ တရုတ်နိုင်ငံမှာက ကုန်ကြမ်းအသုံးပြုတာများပြီး ကုန်ချောထုတ်လုပ်တာလည်းများနေတော့ ရာဘာဝယ်လိုအားများတယ်။ မြန်မာကတင်မဟုတ်ဘူး။ အခြားနိုင်ငံတွေဆီကလည်း အများအပြားဝယ်တယ်။ နိုင်ငံတကာ ရာဘာဈေးကပြီးခဲ့တဲ့ တစ်ပတ်လောက် ထဲ ကတက်လာတော့ ပြည်တွင်းဈေးလည်း ပြန်တက်လာတယ်”လို့ ရာဘာအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြည်တွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ နှစ်စဉ် ရာဘာ တန်ချိန် သုံးသိန်းကျော်ထုတ်လုပ်ပြီး ထွက်ရှိတဲ့ ရာဘာ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ဝယ်ယူနေတာဖြစ်ကာ ပြည်တွင်းသုံးစွဲမှုက ၈ ရာခိုင်နှုန်းနဲ့ ကျန်ပမာဏကို အခြားပြည်ပနိုင်ငံတွေဆီ တင်ပို့တယ်လို့ သိရပါတယ်။