ကာလဝမ်းရောဂါကို တိုက်ဖျက်နိုင်ရေးအတွက် အကူအညီများ လိုအပ်ဆဲဖြစ်ဟု WHO ပြော

     အာဖရိကဒေသရှိ နိုင်ငံများ အနေဖြင့် ကာလဝမ်းရောဂါဖြစ်ပွားမှုကို တိုက်ဖျက်နိုင်ရေး အတွက်  အကူအညီများ လိုအပ်လျက် ရှိနေဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကပြောကြားသည်။

ကာလဝမ်းရောဂါသည် အလွန်ကူးစက်လွယ်သည့် ရောဂါဖြစ်ပြီး ကူးစက်ခံရသည့် လူတစ်ဦးတွင် ရောဂါလက္ခဏာပြသရန်အတွက် အချိန်ကာလအားဖြင့် ၁၂ နာရီမှ ငါးရက်အထိ ကြာမြင့်လေ့ရှိကြောင်း၊ ယင်းရောဂါပိုးသည် ရေမှ၊ အစားအသောက်မှ တစ်ဆင့်ကူးစက်လေ့ရှိသောကြောင့် ဒေသတွင်း၌ မိုးရွာသွန်းမှု အခြေအနေသည်ရောဂါပိုးကူးစက်မှု အလားအလာကို  ပိုမိုဆိုးရွားစေလေ့ရှိကြောင်း၊ ထို့ကြောင့် အဆိုပါရောဂါပိုး ကူးစက်မှုဖြစ်ပွားနေသည့် အာဖရိကနိုင်ငံများအား အကူအညီများ ပေးအပ်ကြရန် လိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ အရေးပေါ်အခြေအနေ စောင့်ကြည့်ရေးအဖွဲ့မှ ဒေါက်တာပက်ထရစ်အိုတင်က ပြောသည်။

မိုးရွာသွန်းမှုများပြားသည့်  မာလာဝီ နိုင်ငံတွင်ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားမှုသည် ၂၀၂၃ ခုနှစ်  အစောပိုင်းမှစ၍ ဆိုးရွားလာခဲ့ပြီး နေ့စဉ်လူ ၆၀၀ ကျော် ရောဂါပိုး ကူးစက်ခံရလျက်ရှိကြောင်း၊ ယင်းနိုင်ငံသည် ယခုနှစ်မတ်လအတွင်း နိုင်ငံ၏အဆိုးရွားဆုံး ဝမ်းရောဂါဖြစ်ပွားမှုနှင့် ရင်ဆိုင်ရလျက် ရှိကြောင်း သိရသည်။