ပုဏ္ဏားကျွန်းမြို့နယ် ယာယီခိုလှုံရာစခန်းမှ နေရပ်ပြန်ကြမည့် အိမ်ထောင်စုဝင်များအား ထောက်ပံ့

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန်ယာယီခိုလှုံရာစခန်းတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင် မိသားစုများသည် ၎င်းတို့၏ သဘောဆန္ဒဖြင့် မူလနေရပ်ဒေသများသို့ ပြန်လည်နေထိုင်ကြမည်ဖြစ်ရာ အဆိုပါယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များ လတ်တလော စားသောက် နေထိုင်ရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ ပေးအပ်ပွဲကို ပုဏ္ဏားကျွန်းမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှု၊ လက်မှုပညာသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေရပ်ပြန် အိမ်ထောင် စုဝင်များ တက်ရောက်ခဲ့ကြတယ်။

ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် အိမ် ထောင်စု ၁ စုလျှင် ၅၀၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၁၄၀ စုအတွက် ငွေကျပ် သိန်း ၇၀၀ ကိုလည်းကောင်း၊ တိုင်းမှူး က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ် သိန်း ၁၄၀ ကို လည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ တစ်လစာအတွက် လူ ၁ ဦးလျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် လူဦးရေ ၅၃၂ ဦးအတွက် ထောက်ပံ့ငွေ ၄၇၈၈၀၀၀ ကျပ်ကို လည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင် လူသုံးကုန် ပစ္စည်း ၁၇ မျိုးပါသည့် Family Kit  ၁ ပုံးနှုန်းဖြင့် Family Kit  ၁၄၀ ပုံးကို လည်းကောင်း မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့နှင့် စခန်းတာဝန်ခံများထံ အသီးသီး ထောက်ပံ့ပေးအပ်ကြပါတယ်။

ပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်တို့မှ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် စက်မှုဇုန်ယာယီခိုလှုံရာစခန်းမှ ၎င်းတို့၏ နေရပ်ဒေသဖြစ်သော ပုဏ္ဏားကျွန်းမြို့ နယ် သာစည်ကျေးရွာနှင့် ကျောက်ဆိပ်ကျေးရွာများသို့ နေရပ်ပြန်ကြမည့် ယာယီနေရပ် စွန့်ခွာသူ အိမ်ထောင်စုဝင်များ၏ အိမ်သုံးကုန်ပစ္စည်းများအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဌာဆိုင်ရာ ဝန်ထမ်းများက မော်တော်ယာဉ်များပေါ်သို့ ကူညီသယ်ယူပို့ဆောင်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက နေရပ်ပြန် မိသားစုဝင် များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကာ ၎င်းတို့၏ နေရပ်ကျေးရွာများ အရောက် မော်တော်ယာဉ်များဖြင့် အခမဲ့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။