မလေးရှားမှာ မိုးကြီးရေကြီးလို့ စိုက်ခင်းတွေပျက်စီးပြီး ဟင်းသီးဟင်းရွက်တွေ ဈေးတက်

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် စိုက်ခင်းများ ရေနစ်မြုပ်ခဲ့ရတာမို့ စျေးကွက်အတွင်း ဟင်းသီးဟင်းရွက်များ ပြတ်လပ်ခြင်းနဲ့ ဈေးတက်ခြင်းတို့ကြုံရမယ်လို့ မလေးရှားရှိ စားသုံးသူတွေကို သတိပေးထားကြောင်း စိုက်ပျိုးရေးတောင်သူတွေက ပြောပါတယ်။

မမျှော်လင့်ဘဲ မိုးကြီးခဲ့တာကြောင့် မလေးရှားတောင်ပိုင်းကျွန်းဆွယ်ရှိ စိုက်ခင်းတွေမှာ ဟင်းသီးဟင်းရွက် ကီလိုဂရမ် ၁ သန်းကျော် ပျက်စီးခဲ့ပြီး ရင်းဂစ် သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်လို့ မလေးရှားစိုက်ပျိုးထုတ်လုပ်သူများအဖွဲ့ချုပ်က ပြောခဲ့တယ်လို့ သိရပါတယ်။