အွန်လိုင်းဂိမ်းနဲ့ အွန်လိုင်းတရားမဝင်ချေးငွေလုပ်ငန်းတွေကိုတော့ စတင်ဖမ်းဆီး

Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သူ တရားခံ အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီး ၄၇ ဦး တို့အား လုပ်ငန်းများလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ ဘဏ်အကောင့်များနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

Online အခြေပြုလောင်းကစားလုပ်ငန်းများ၊ ကံစမ်းမဲဖောက်လုပ်ငန်းများနှင့် တရားမဝင် ချေးငွေလုပ်ငန်းလုပ်ကိုင်နေသူ ဒုစရိုက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးဆိုင်ရာ အထောက်အကူပြုမှတ်တမ်းများနှင့် နည်းပညာဆိုင်ရာအချက်အလက်များအား အခြေပြု၍စောင့်ကြည့်ကာ စုံစမ်းစစ်ဆေးဖော်ထုတ်မှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကွင်းဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၇ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY ၊ ငွေနှင်းဖြူသစ်ခွလမ်း၊ အမှတ်(O-178) နေအိမ်၌ TTbet Online Game လောင်းကစားလုပ်ငန်းများလုပ်ကိုင်နေကြောင်း သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ မို့မို့စံ(ခ)Yuki ပါ တရားခံ ၉ ဦးအား TTbet Online Game လောင်းကစားရာတွင်အသုံးပြုသည့် လက်ကိုင်ဖုန်း ၅၀ လုံး၊ လက်တော့ ၂၂ လုံး၊ မော်နီတာ ၄ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY၊ ချင်းတွင်းလမ်းရှိ အိမ်အမှတ်(FG-98)ကို ထပ်မံဝင်ရောက်ရှာဖွေရာ Golden Gift (Online ကံစမ်း မဲဖောက်လောင်းကစားလုပ်ငန်း)အား စီမံခန့်ခွဲလုပ်ကိုင်သူ အောင်ဖုန်းကျော်နှင့် ကြီးကြပ်လုပ်ကိုင်သူ ထင်အောင်ကျော်(ခ)အယ်လစ်ပါ တရားခံ ၁၉ ဦးတို့အား လက်ကိုင်ဖုန်း ၃၇ လုံး၊ လက်တော့ ၂၅ လုံး၊ မော်နီတာ ၃ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ ကာလာပရင်တာ ၁ လုံး၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

သတင်းဆက်ဖော်ထုတ်ချက်အရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY ၊ ချင်းတွင်းလမ်းရှိ အိမ်အမှတ်(FG-95)ကို ထပ်မံဝင်ရောက်ရှာဖွေရာ TTbet Online Game လောင်းကစားလုပ်ငန်းအား ကြီးကြပ်/စာရင်းကိုင်အဖြစ်လုပ်ကိုင်သူ အေးငြိမ်းသူနှင့် ကြီးကြပ်လုပ်ကိုင်သူ စိုင်းသီဟဇော်ပါ တရားခံ ၁၉ ဦးတို့အား လက်တော့ ၁၁ လုံး၊ လက်ကိုင်ဖုန်း ၂၂ လုံး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ TTbet Online Game လောင်းကစား လုပ်ငန်းနှင့် Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)များအား ဦးစီးပြီးစီမံခန့်ခွဲလုပ်ကိုင်သူ ရန်နိုင်ကျော်(ခ)အားဖုအား ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ပန်းလှိုင်အိမ်ရာ၊ ပန်းလှိုင်ကွန်ဒို(D)၊ အခန်းအမှတ်(၁၀၂)၌ လက်ကိုင်ဖုန်း ၁ လုံး၊ Macbook Pro လက်တော့ ၁ လုံး၊ Macbook Air လက်တော့ ၁ လုံး၊ ယာဉ်အမှတ် YGN 6S-8888 Mercedes–Benz အမျိုးအစား အနက်ရောင်ယာဉ် ၁ စီး၊ ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့် တရားခံ ရန်နိုင်ကျော်(ခ)အားဖု၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ MICT Park၊ တိုက်အမှတ် (၉)၊ (၄)လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းသို့ ဝင်ရောက်ရှာဖွေရာ Money Bag Application ၊ Cash Now Application ၊ Cola Kyat Application တို့အား အသုံးပြုပြီး တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်နေသည့် မန်နေဂျာကျော်ဆန်းလင်း(ခ)အားချန်ပါ ၂၂ ဦးတို့အား လက်ကိုင်ဖုန်း ၃၀ လုံး၊ လက်တော့ ၅၅ လုံး၊ Desktop ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း၊

ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် လှိုင်မြို့နယ်၊ MICT Park ၊ တိုက်အမှတ်(၁၇)၊ (၄)လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းတွင် Money Bag Application ၊ Cash Now Application ၊ Cola Kyat Application ၊ U Loan Application တို့အား အသုံးပြုပြီး တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်နေသည့် စာရင်းကိုင်ဖြစ်သူ ကျော်မျိုးအောင်အား လက်တော့ ၄၉ လုံး၊ ပရင်တာ ၁ လုံး၊ ဆက်စပ်ပစ္စည်းများဖြင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။