ဘာစီလိုနာနဲ့ပွဲအပြီး ခြေထောက်ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်

⚽ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပွဲစဉ်မှာ လာလီဂါထိပ်သီး ဘာစီလိုနာအသင်းကို နောက်ကောက်ချပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကိုတက်လှမ်းနိုင်ခဲ့ပေမယ့် အဆိုပါပွဲစဉ်မှာ ဒဏ်ရာပြဿနာနဲ့ကြုံတွေခဲ့ရတဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်အနေနဲ့ တနင်္ဂနွေနေ့မှာကစားဖို့ရှိတဲ့ နယူးကာဆယ်အသင်းနဲ့ ခါရာဘောင်ဖလားဖိုင်နယ်ပွဲစဉ်နဲ့လွဲချော်မှာကို စိုးရိမ်နေတယ်လို့ Metro သတင်းဌာနကဖော်ပြသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ ၂-၁ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရပ်ရှ်ဖို့ဒ်ဟာ ပွဲချိန် ၈၈ မိနစ်အထိကစားခဲ့ပေမယ့် ဒဏ်ရာပြဿနာရရှိခဲ့ပုံပေါ်ပြီး ပွဲအပြီးညမှာ သူ့ရဲ့ Instagram Post မှာလည်း သူ့ရဲ့ပုံကို ဒဏ်ရာရတဲ့ Emoji နဲ့တွဲပြီးတင်ခဲ့တာကြောင့် ပရိသတ်တွေကပါ စိုးရိမ်နေခဲ့ကြတာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့တိုက်စစ်မှူးဟောင်းဖြစ်သူ ဒီယွန်ဒဗ္ဗလင်က MUTV နဲ့တွေ့ဆုံမေးမြန်းခန်းမှာ “သူ့ရဲ့ဘယ်ဘက်ခြေကျင်းဝတ်မှာ ဒဏ်ရာပြဿနာအနည်းငယ်ကြုံတွေ့ခဲ့ရပုံပေါ်ပြီး အသင်းရဲ့ဆေးဝန်ထမ်းတွေအနေနဲ့ တနင်္ဂနွေနေ့ပွဲအမီ ပါဝင်နိုင်အောင်ကြိုးစားကုသနိုင်ဖို့မျှော်လင့်တယ်” လို့ပြောကြားခဲ့ပါတယ်။ မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက်ပြိုင်ပွဲစုံ ၃၇ ပွဲကစား သွင်းဂိုး ၂၄ ဂိုး ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ပေးထားတဲ့ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်လည်းဖြစ်ပါတယ်။
crd #Sport7