ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဖေဖော်ဝါရီ ၂၄ ရက်က ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ရင်ပြင်တော်မြောက်ဘက် ချမ်းသာကြီးတန်ဆောင်း၌ကျင်းပခဲ့ရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများကြွရောက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။

ရွှေတိဂုံစေတီတော် ၂၆၁၁ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးကို ၂၄-၂-၂၀၂၃ ရက်နေ့မှ ၅-၃-၂၀၂၃ ရက်(တပေါင်းလပြည့်နေ့)အထိ ၁၀ ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပြီး သံဃာအပါး(၁၂၀)တို့က ၂၁၆ နာရီတိုင်တိုင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြမည် ဖြစ်ပါသည်။ ၄-၃-၂၀၂၃ (အဖိတ် နေ့) ညနေ ၄:၀၀ နာရီအချိန်တွင် ရင်ပြင်တော်တစ်ပတ် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနား၊ ၅-၃-၂၀၂၃ (တပေါင်းလပြည့်နေ့)တွင် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ပိတ်ပွဲ(အောင်ပွဲ)နှင့် ရေစက်ချအနုမောဒနာအခမ်းအနားများ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ ပါဝင်ကုသိုလ်ပြုနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့