အများကြီးစားလို့ရအောင် ပဲခေါက်ဆွဲအနှစ်ကိုပွားပြီးအိမ်မှာ ကိုယ်တိုင်လုပ်စားကြမယ် 😍

“ ကိုရီးယား ပဲခေါက်ဆွဲ´´

ဒီတစ်ပတ်မှာ ပဲခေါက်ဆွဲကြိုက်တဲ့သူများအတွက် အိမ်မှာလုပ်စားဖို့အဆင်ပြေအောင် လုပ်ပုံလုပ်နည်းကို ညွှန်းပေးလိုက်ပါတယ်။ ကိုရီးယားအစားအစာကြိုက်တဲ့သူတွေ အတော်များများနှစ်သက်တဲ့ အစားအစာတွေထဲက တစ်မျိုးဆိုရင်လဲမမှားပါဘူး။ အခုဆိုရင်မြန်မာလူမျိုးအများစုကပါ ကိုရီးယားအစားအစာကို ကြိုက်နှစ်သက်လာတာတွေ့ရပါတယ်။ တချို့ဆို အိမ်မှာတကူးတကလုပ်စားလာတာ တွေ့ရပါတယ်။ အိမ်မှာလည်း လုပ်စားဖို့အဆင်ပြေတဲ့ ပဲခေါက်ဆွဲလုပ်ပုံလုပ်နည်းကို ပြောပြလိုက်ပါတယ်။

ပဲခေါက်ဆွဲအတွက်ပါ၀င်သောပစ္စည်း

၀က်သား – အနည်းငယ်
ကိုရီးယားပဲအနှစ် (Choonjang) – စားပွဲတင်ဇွန်း ၄ဇွန်း
ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ပြောင်းဖူးဖလာမှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်နီ – ၂လုံး
Zucchini – ၁လုံး
အာလူး – ၂လုံး
ဂျပန်သခွားသီး – အနည်းငယ်
ရေ – အနည်းငယ်

ပဲခေါက်ဆွဲ ပြုလုပ်နည်း

ပထမဆုံး ဒယ်အိုးထဲကိုဆီထည့်ပါ။ ကြက်သွန်နီတစ်လုံးကို ပါးပါးလှီးပြီး ကြက်သွန်နီ နီရဲပြီးကျွမ်းသွားတဲ့ အထိဆီသတ်ပေးပါ (အနံ့ပဲယူတာဖြစ်ပါတယ်)။ ကြက်သွန်နီအဖတ်များကို ဆယ်ထုတ်ပြီးလွင့်ပစ်လိုက်ပါ။ ပြီးနောက် ဆီထဲကို ကိုရီးယားပဲအမဲရောင်အနှစ် စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပြီး မီးအေးအေးနဲ့ နှံ့အောင်မွှေပေးပါ။ ပြီးရင်တော့ အိုးထဲက ဆီတွေကိုဇွန်းနဲ့အသာခပ်ထုတ်ပြီး ပန်းကန်လုံးတစ်ခုထဲ ထည့်ထားပါ။ အဲဒီနောက် ဒယ်အိုးထဲကို ပဲအနှစ်ထဲပြီး သကြားစားပွဲတင်ဇွန်း ၂ဇွန်းထည့် နှံ့အောင်မွှေပေးပြီး မီးပိတ်ထားပေးပါ။ ၀က်သားကိုလဲ သေးသေးလေးတွေတုံးပြီး ဖယ်ထားတဲ့ဆီကြာ်ပါ။ ဆီနည်းလျှင် ဆီထပ်ထည့်ပြီးကြော်ပေးပါ။ အသားနူးသွားပါက ပါ၀င်တဲ့ပစ္စည်းတွေဖြစ်တဲ့ (ကြက်သွန်နီ၊ Zucchini၊ အာလူး) တို့ကို အတုံးသေးလေးတွေတုံးပြီး အသားနဲ့ရောနယ်ပါ။ ခရုဆီ စားပွဲတင်ဇွန်း ၁ဇွန်းထည့်ပါ။ ပြီးနောက် ပြောင်းဖူးဖလာမှုန့် (ပြောင်းဖူးပုံပါတဲ့ အကြော်မှုန့်) မရှိပါက အခြားဂျုံမှုန့် ၂ဇွန်းကို ရေ ၃ ဇွန်းဖြင့် ဖျော်ပြီးထည့်ပေးပါ။ နောက်ဆုံးမှာ ဆီသတ်ထားတဲ့ ကိုရီးယားပဲအနှစ်ကို ရောထည့်ပြီးမွှေပေးပါ။ ရေအနည်းငယ်ထည့်ပြီး အရသာမြည်းကြည့်လို့ အာလူးနဲ့အသီးအနှံများနူးတာနဲ့ ပြုတ်ထားတဲ့ခေါက်ဆွဲပေါ်ကိုလောင်းထည့်ပြီး အသင့်စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

ခေါက်ဆွဲကို မိမိကြိုက်နှစ်သက်တဲ့ ခေါက်ဆွဲအသုံးပြုနိုင်သလို ၀က်သားအစား ကြက်သား သုံးလို့ရသလို အသားမပါဘဲ သတ်သတ်လွတ်လုပ်စားသုံးလို့လည်းရပါတယ်။