မိုင်းဆတ်မြို့နယ်၊ ပုံတပ်ကျေးရွာရှိ ဦးအားချာ၏ ခြံအတွင်းမှမူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပုံတပ် ကျေးရွာရှိ ဦးအားချာ ၏ နွားမွေးမြူရေးခြံကို သတင်းအရရှာဖွေရာ ခြံစောင့်လုပ်သား မအားချာ နှင့် မနာထီး တို့ ၂ ဦး အား ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ စိတ်ကြွရူးသွပ်ဆေးပြားအကြေ ၁၀၀ ဂရမ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ည ၇ နာရီအချိန် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်းတောင်ပေါ်ကျေးရွာအုပ်စု၊ ပါဟိုးကျေးရွာရှိ နွားခြံပိုင်ရှင် ဦးအားချာ ၏ နေအိမ်ကို ဆက်လက်ရှာဖွေရာနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ သိန်း၊ ပွိင့် ၂၂ သေနတ် ၄ လက်၊ M-16 သေနတ် ၁ လက်၊ ၁၂ ဗို့ ပြောင်းချောသေနတ် ၁ လက်၊ ကျည်အိမ် ၁၆ ခု၊ ကျည်မျိုးစုံ ၂၇ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတိုအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။