မော်တော်ယာဉ် အရောင်းပြခန်း(Show Room) တွင် လိုက်နာရမည့် စည်းကမ်းချက်များ အမိန့်ကြော်ငြာစာ

၁။      မော်တော်ယာဉ်အရောင်းပြခန်း(Show Room)တွင် ရောင်းချရန် မော်တော်ယာဉ် တင်သွင်းရာ၌ အောက်ဖော်ပြပါ စည်းကမ်းချက်များ အတိုင်း လိုက်နာဆောင်ရွက်ရမည်-

     (က)   မော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်ရန် မြန်မာနိုင်ငံသားမှဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ်ဆောင်ရွက်ခြင်းဖြင့်ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် ဝန်ဆောင်မှု ကုမ္ပဏီအဖြစ် မှတ်ပုံတင် လက်မှတ်ရရှိထားသည့် ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး ယင်းကုမ္ပဏီသည် တစ်ဖက်နိုင်ငံရှိ ပင်ရင်းကုမ္ပဏီမှ ဖြစ်စေ၊ ဒေသဆိုင်ရာရုံး (Regional Office) မှဖြစ်စေ မော်တော်ယာဉ်အသစ်များ ဖြန့်ဖြူးရောင်းချရေး ကိုယ်စားလှယ် (Distributorship) သို့မဟုတ် အရောင်းကိုယ်စားလှယ် (Dealership) အဖြစ် တရားဝင် ခန့်အပ်ခြင်းခံရသည့် ကုမ္ပဏီဖြစ်ရမည်။

    (ခ)     မော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်ဆောင်ရွက်နေသည့် ကုမ္ပဏီများသည် ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြရမည်။

    (ဂ)    မော်တော်ယာဉ်အရောင်းပြခန်း  ဖွင့်လှစ်ဆောင်ရွက်မည့် ကုမ္ပဏီသည် အာမခံငွေ (Deposit) အဖြစ် မြန်မာငွေကျပ် သိန်း(၁၀၀၀)ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိအမှတ် ပြုသည့်ဘဏ်တွင် သီးခြားငွေစာရင်း ဖွင့်လှစ်၍ ထည့်သွင်း သိမ်းဆည်းထားရမည်။

    (ဃ)   မော်တော်ယာဉ်အရောင်းပြခန်းတွင် ရောင်းချရန် တင်သွင်းလာသည့် မော်တော်ယာဉ်များသည် အသုံးမပြုရသေးသော အသစ် (Brand New) ဖြစ်ရမည်။

    (င)     တင်သွင်းလာမည့် မော်တော်ယာဉ်များ၏ Model Year  သည် ရောက်ရှိသည့် ခုနှစ်နှင့် ရောက်ရှိသည့် ခုနှစ်၏ တစ်နှစ်အောက်နိမ့်သော မော်ဒယ်နှစ်ဖြစ်ပြီး ဘယ်မောင်း စတီယာရင် ယာဉ်ကိုသာ တင်သွင်းရမည်။

    (စ)    မော်တော်ယာဉ်အရောင်းပြခန်းတွင် ပြသရောင်းချမည့် မော်တော်ယာဉ်များကို တင်သွင်းရာတွင် အပ်ကုန်စနစ် (Consignment Basic) အပြင် ငွေလွှဲစာတမ်းဖြင့် ပေးချေသည့်စနစ်  (Letter of Credit – LC) သို့မဟုတ် ကြေးနန်းငွေလွှဲ ပို့နည်းစနစ် (Telegraphic Transfer – TT)  ဖြင့် တင်သွင်းနိုင်သည်။

    (ဆ)   မော်တော်ယာဉ်များကို တင်သွင်းရာတွင် တင်သွင်းခွင့်ပြုသည့် လိုင်စင်သက်တမ်း ကာလအတွင်း ဆိပ်ကမ်း သို့မဟုတ် သက်ဆိုင်ရာ နယ်စပ်ကုန်သွယ်ရေး စခန်းအရောက် တင်သွင်းရမည်။

    (ဇ)    မော်တော်ယာဉ် အရောင်းပြခန်းများတွင် ရောင်းချရန်အတွက် တင်သွင်းလိုသည့် မော်တော်ယာဉ် အရေအတွက်နှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သတ်မှတ်သည့် အရေအတွက် အတိုင်းသာ တင်သွင်းရမည်ဖြစ်ပြီး နှစ်စဉ် အတည်ပြု ထုတ်ပြန်သော   မော်တော်ယာဉ် အမျိုးအစားများအတိုင်းသာ တင်သွင်းရမည်။

    (ဈ)    တင်သွင်းလာသော မော်တော်ယာဉ်များကို သတ်မှတ်ထားသော မော်တော်ယာဉ် အရောင်းပြခန်းနှင့် သိုလှောင်ရုံတွင်သာ ထားရှိရမည်။ ယင်းအရောင်းပြခန်းမှအပ အခြားနေရာများတွင် ပြသရောင်းချခြင်းကို ဆောင်ရွက်လိုပါက သီးခြားခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်။ ဝယ်သူအား ရောင်းချခြင်းမပြုမီ လမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်း လုံးဝ(လုံးဝ) မပြုလုပ်ရ။

    (ည)   သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ စည်ပင်သာယာရေး အဖွဲ့များထံမှ လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိရန် လုပ်ထုံးလုပ်နည်းနှင့် အညီ လျှောက်ထား ရမည်။ ယင်းသို့လျှောက်ထားစဉ် ကာလအတွင်း အခြားအခြေခံအချက်များ ပြည့်စုံပြီးဖြစ်ပါက သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ မှန်ကန်ကြောင်း ထောက်ခံချက်ဖြင့် (၆)လ ယာယီခွင့်ပြုနိုင်သည်။

    (ဋ)    မော်တော်ယာဉ်အရောင်းပြခန်းကို အဆင့်မီစွာ တည်ထောင် ဆောင်ရွက် ရမည်။

    (ဌ)     တင်သွင်းသည့် မော်တော်ယာဉ် အသစ်များအတွက် လိုအပ်သည့်အာမခံမှု၊ အပိုပစ္စည်းများ (Spare Parts) ရောင်းချနိုင်မှု၊ ရောင်းချပြီးနောက်ပိုင်း ပြင်ဆင်မှုများ (After Sale Services)များကို ဆောင်ရွက်နိုင်မည့် အလုပ်ရုံကို တည်ထောင်ဆောင်ရွက်ရမည်။

    (ဍ)    အရောင်းပြခန်းဖွင့်လှစ်မည့် နေရာနှင့် သိုလှောင်ရုံ သတ်မှတ်ချက်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သော စံနှုန်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

    (ဎ)    မော်တော်ယာဉ် အရောင်းပြခန်းနှင့် သိုလှောင်ရုံနေရာသည် ယင်းအရောင်းပြခန်း ဖွင့်လှစ်မည့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ တည်ရှိရမည်။

    (ဏ)  မော်တော်ယာဉ် အရောင်းပြခန်း၏ အကျယ်အဝန်းသည် စတုရန်းပေ (၁၄၀၀၀)နှင့် သိုလှောင်ရုံ၏ အကျယ်အဝန်းသည် စတုရန်းပေ (၅၀၀၀) ရှိရမည်။

    (တ)   မော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်ခွင့် ရရှိသည့် ကုမ္ပဏီသည် ခွင့်ပြုထားသော မော်တော်ယာဉ်တင်သွင်းခွင့် လိုင်စင်ကို အခြားသူတစ်ဦးသို့ လွှဲပြောင်း ရောင်းချခြင်းမပြုရ။

    (ထ)  အရောင်းပြခန်းများမှ ရောင်းချသည့် မော်တော်ယာဉ်များကို ဝယ်ယူအသုံးပြုသူ အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ဝယ်ယူခွင့်ပါမစ် ရရှိပြီးမှသာ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ကနဦးမှတ်ပုံတင်ခြင်း ဆောင်ရွက်ရမည်။

    (ဒ)     မော်တော်ယာဉ်အရောင်းပြခန်း ဖွင့်လှစ်သည့် ကုမ္ပဏီသည် အရောင်းပြခန်းတွင် (၂) နှစ်အတွင်း မရောင်းရသော မော်တော်ယာဉ်များ သို့မဟုတ် လုပ်ငန်းရပ်ဆိုင်း၍ ကျန်ရှိနေသော မော်တော်ယာဉ်များနှင့် စပ်လျဉ်း၍ စာရင်းရှင်းလင်းခြင်းနှင့် မှတ်ပုံတင်ခြင်းကို ဆိပ်ကမ်းရောက်ရှိပြီး (၂) နှစ်အတွင်း အပြီးဆောင်ရွက်ရမည်။

    (ဓ)    မော်တော်ယာဉ် အရောင်းပြခန်းတွင်ရောင်းချရန် တင်သွင်းခဲ့သည့် မော်တော်ယာဉ်များနှင့် စပ်လျဉ်း၍ ထားရှိရမည့် စာရွက်စာတမ်း၊ လယ်ဂျာစာရင်းစာအုပ် စသည်တို့ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကဖြစ်စေ၊ ဝန်ကြီးဌာနက တာဝန်ပေးအပ်ထားသော အဖွဲ့အစည်းကဖြစ်စေ အခါအားလျော်စွာ  ဝင်ရောက်စစ်ဆေးခြင်းကို  သက်ဆိုင်ရာ လုပ်ငန်းရှင်မှ ခွင့်ပြုရမည်။

    (န)    အရောင်းပြခန်းလက်မှတ်၊ စီးပွားရေး အကျိုးဆောင် မှတ်ပုံ တင် လက်မှတ်တို့ကို သက်တမ်းမကုန်မီ ၉၀ ရက်ကြိုတင်၍ သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားနိုင်ပြီး ထိုသို့လျှောက်ထားရာတွင် ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပေးသည့် အခွန်ပေးဆောင်ပြီးကြောင်း အထောက်အထားပါရှိရမည်။

၂။      အပိုဒ် ၁ ပါစည်းကမ်းချက်များအား လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။