ရှမ်းခေါက်ဆွဲလေးလုပ်စားကြမယ်

ကြက်ရိုး နဲ့ ကြက်သားတွေကို ဆား ဆနွင်း အရသာမှုန့်ဖြင့်နယ်ပြီး ရေအနေတော်ထည့်ကာ တစ်နာရီခွဲခန့် ပြုတ်ထားပေးပါ။ ဆန်ခေါက်ဆွဲကို ရေတစ်နာရီခန့်စိမ်ထားပေးပါ။

ကြက်သားပြုတ်ထားတာရရင် ကြက်သားတွေကိုဆယ်ပြီး အတုံးသေးသေးလေးတွေတုံးထားပါ။ ကြက်သွန်ဖြူနီကို ညက်အောင်ထောင်းထားပါ။ ကြက်သွန်မြိတ် နဲ့ ခရမ်းချဉ်သီးပါးပါးလှီးထားပါ။ မြေပဲလှော်မညက်တညက်ထောင်းထားပါ။

ကြက်သွန်ဖြူနီထောင်းထားတာကိုဆီသပ်ပါ။ အနံမွှေးလာပြီဆို ငရုတ်အစိမ်းမှုန့်ထည့်ပြီးမွှေပါ။ ပြီးမှ ခရမ်းချဉ်သီးလှီးထားတာထည့်ပြီး အဖုံးအုပ်လိုက်ပါ။ ခဏအကြာမှ ခရမ်းချဉ်သီးနွမ်းလောက်ပြီဆိုမှ ဇွန်းဖြင့်ကျေနေအောင် ချေပေးပါ။ ခရမ်းချဉ်သီးကျေပြီဆို ကြက်သားတုံး နဲ့ ရေအနည်းငယ် ကြက်သားမှုန့် ခရုဆီ ကြာညိုထည့်ပြီး ဆီပြန်သည်အထိတည်ပါ။ ဒါကြက်သားအနှစ်ရပါပြီ။

အစပ်အတွက် ငရုတ်သီးမှုန့် နဲ့ ဆားကို ထောင်းပါ။ ပြီးမှ ဆီဆမ်းပြီး အသင့်ပြင်ထားပေးပါ။
ဆီချက်အတွက်က ကြက်သွန်ဖြူဆီချက်ကို တရုတ်မဆလာ နဲ့ ဆနွင်းအနည်းငယ်ထည့်ပြီးချက်ထားပါ။

ကြက်ပြုတ်ရည်အိုးထဲသို ဇကာထည့်ပြီး ရေစိမ်ထားသောဆန်ခေါက်ဆွဲများထည့်ကာ ဟင်းရည်ပူပူမှာခဏစိမ်ပေးထားပါ။ ဆန်ခေါက်ဆွဲ မပျော့မမာအနေတော်အနေထားရပြီဆိုမှ ပြန်ဆယ်ယူထားပေးပါ။

တစ်ပွဲစာပြင်ဆင်ပုံက ဆန်ခေါက်ဆွဲ ကြက်သားဟင်းအနှစ် ကြာညိုအနည်းငယ် ကြက်သွန်ဖြူဆီချက် ကြက်သွန်မြိတ် နဲ့ ငရုတ်သီးဆားထောင်း နှမ်း(မထည့်လည်းရ) မြေပဲလှော် ထည့်ပြီး နယ်ပါ။ အရသာပေါ့ရင် ကြက်သားမှုန့်အနည်းငယ်ထည့်ပါ။ တွဲဖက်အနေနဲ့ ဝက်ခေါက်ကြော် တိုဟူးကြော် ရှမ်းချဉ် စသည်တိုနဲ့ သုံးဆောင်နိုင်ပါပြီနော်။ ကြက်သားပြုတ်ဟင်းရည်ကို ငရုတ်ကောင်းမှုန့်နဲ့ ကြက်သွန်မြိတ်လေးထည့်ပြီး ဟင်းရည်ပူပူလေးနဲ့ မိုးအေးအေးလေးမှာ ရှမ်းခေါက်ဆွဲလုပ်စားကြရအောင်နော်။