ဖားကန့် ကုဋေကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၂ ဦးသေဆုံး ၃ ဦးဒဏ်ရာပြင်းထန်

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံပြိုကျရာမှ ရေမဆေးသမား ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာပြင်းထန်စွာရရှိထားကြောင်း ဒေသခံများမှ သိရသည်။

အဆိုပါ မြေစာပုံသည် ကုဋေကျေးရွာအနီးရှိ ယခင်အဲဗားဝင်းနားကုမ္မဏီတူးဖော်ထားသည့်နေရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထပ် တူးဖော်နေသည့် ကျောက်စိမ်းကုမ္မဏီတစ်ခုမှ သွားရောက်စွန့်ပစ်‌ထားသည့် မြေစာပုံဖြစ်ပြီး ယမန်နေ့ည ၁၀ နာရီဝန်းကျင်တွင်ပြိုကျမှုဖြစ်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ည ၁၁ နာရီဝန်းကျင်ထိက သေဆုံးတဲ့အလောင်းက ၂ လောင်းတွေ့ထားပြီ ခုပျောက်နေသေးတဲ့သူရှိသေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

စွန့်ပစ်မြေစာပုံပျက်ကျသည့်ဖြစ်စဉ်တွင် တစ်နာရီကျော်ခန့် မြေစာများဖုံးအုပ်ပိမိနေခဲ့ရာမှ အသက်ရှင်လျက်ပြန်လည်ကယ်ထုတ်နိုင်ခဲ့သူ ၃ဦးအား ဖားကန့်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ကုမ္ပဏီက ဘက်ဟိုးအကူအညီတောင်းပြီးရှာတာ ၃ ယောက်ကပေါ်လာပြီ အသက်ရှုသေးတာကိုသိပြီးမှ အပေါ်က မြေစာပြန်လျောပြီး ပြန်ဖုံးသွားတာဗျ။ အဲ့တာကို ဘက်ဟိုးသမားလည်း ဆက်မကုပ်ရဲတော့ဘူး၊ လူကိုကုပ်မိမှာစိုးလို့နေမှာပေါ့၊ ဒါနဲ့လူအားသုံးပြီး မြေစာကို အတင်းလျက်ရှာတာ ပြန်တွေ့တော့လည်း အသက်ရှုသေးတယ်ဗျ ဒဏ်ရာတော့ပြင်းထန်တယ် ခုဆေးရုံပို့ထားပြီ “ဟု ကူညီရေးဆောင်ရွက်ခဲ့သည့် လူမှုရေးအသင်းသားတစ်ဦးက ပြောသည်။
အဆိုပါမြေစာပုံသည်အမြင့်ဟာ ပေ ၃၀၀ ခန့်ရှိပြီး မြေစာလျှောကျတဲ့အချိန်သည် ကျောက်ရှာနေကြသည့်အချိန်ဖြစ်သောကြောင့် လူဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရနိုင်ကြောင်း ခန့်မှန်း​ပြောဆိုကြသည်။

ဖားကန့်မြို့နယ်တွင် ကျောက်မိုင်းတွင်းများ ပြိုကျခြင်း၊ တူးဖော်ပြီးသားလုပ်ကွက်ဟောင်းနွံကန်ကြီး‌များပေါက်ကျခြင်းတို့‌ကြောင့် ရေမဆေးကျောက်ရှာသူများ ထိခိုက်သေဆုံးမှုမကြာခန ကြုံနေရဆဲဖြစ်သည်။