ပဲခူးတိုင်းဒေသကြီး၊ ဖိုးကျားဆင်စခန်းအနီး ၁၀ ဘီးကားတစ်စီး အိမ်တစ်လုံးကို ဝင်တိုက်

ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရ-ကိုးပင် ရိုးမဖြတ်ကျော် ဖိုးကျားဆင်စခန်းအနီး ၁၀ ဘီးကားတစ်စီး အိမ်တစ်လုံးကို ဝင်တိုက်ပြီး တိမ်းမှောက်မှုကြောင့် ၂ ဦး ထိခိုက်ကာ ကလေးငယ် တစ်ဦး သေဆုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။

သာဂရကိုးပင် ရိုးမ ဖြတ်လမ်း ၁၀ မိုင် ဖိုးကျားဆင်စခန်းရှေ့ အကွေ့မှာ ၁၀ ဘီးကားတစ်စီး အရှိန်လွန် ၍ လမ်းအရှေ့ဘက် အိမ် တစ်လုံးအား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာပါ။

ယင်းဖြစ်စဉ်ကို NAY PYI TAW AMBULANCE GROUP အဖွဲ့မှ လူငယ်တွဲလက်များ လူမှုကူညီရေးအဖွဲ့သွားရောက်ကူညီပေးခဲ့ရာ ကားခေါင်းခန်းအတွင်း ညပ်နေတဲ့ ယာဉ်မောင်းကို ပတ်ဝန်းကျင်အကူညီနဲ့ ထုတ်ယူခဲ့ရတယ်လို့ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်အတွင်း ၁၀ ဘီးကား ယာဉ်မောင်းဖြစ်သူမှာ ညာဒူးအောက် ပြတ်ရှနှင့် ဘယ်ခြေထောက်ကျိုးကာ ညာဘက် နံရိုးအောက် ပေါက်ပြဲ ဒဏ်ရာတွေ ရရှိခဲ့သလို အိမ်ရှင်အမျိုးသား ဖြစ်သူမှာ နှဖူးကွဲ ဒဏ်ရာရရှိလို့ ဆွာဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

နံနက် ၇ နာရီခွဲကျော်အချိန်ခန့်မှာတော့ အဆိုပါ ကားတိမ်းမှောက်မှုနဲ့ အိမ်အပျက်အစီးများ ကြားမှာ ပျောက်ဆုံးနေတဲ့ အသက် ၁၁ နှစ်အရွယ် ကလေးငယ်ကို အသက်သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။