ကျဆုံးစစ်သည်၏ ဇနီးဖြစ်သူမှ PCT Call Centerထံ ရင်ဖွင့်ဆွေးနွေးချက်အား ဖြေရှင်းဆောင်ရွက်ပေးမှု အသိပေးခြင်း

ခလရ(၉၇)၊ ကော့ကရိတ်မြို့မှ ကိုယ်ပိုင်အမှတ်၊ ၇၀၄၄၃၄ တပ်ကြပ်ကြီး ဝင်းမြင့်ဦး(ကျဆုံး)၏ ဇနီးမှ စစ်သည်မှာ ယခင်တိုက်ပွဲဖြစ်ချိန်တွင် ပျောက်ဆုံးဟု သိရှိရပြီး နောက်ပိုင်းမှ မဲဝိုင်-ဖာပွန်ဘက်တွင် ကျဆုံးသွားသည်ကို သိရကြောင်း၊ ‌စစ်သည်ကျဆုံးပြီးနောက် ဇနီးသည်မှ ၎င်းကြုံတွေ့ရသည့် ကျဆုံးစစ်သည်၏ ခံစားခွင့်များ မရရှိသဖြင့် အခက်အခဲဖြစ်ပေါ်နေမှုတို့ကို ရဲဝံ့စွန့်စားပြည်ချစ်သား Call Center၌ လာရောက် ရင်ဖွင့်ဆွေးနွေးခဲ့ပါတယ်။

            ရဲဝံ့စွန့်စားပြည်ချစ်သား Call Center ၏ Website တာဝန်ခံမှတဆင့် ထိုအကြောင်းအရာကို အထက်အကြီးအကဲများထံ အဆင့်ဆင့်တင်ပြပေးခဲ့ရာ အဆိုပါဖြစ်စဉ်အား ပြန်လည်စိစစ်ခဲ့ပြီး စစ်သည်၏ အကျိုးခံစားခွင့်ရရှိစေရေးနှင့် တိုက်ပွဲကျဆုံးပြီးနောက် အိမ်ထောင်စုဝင်(အထူး)အငြိမ်းစားလစာ၊ သေဆုံးမှုဆုကြေးနှင့် ကရုဏာကြေးများ ထုတ်ယူရရှိနိုင်စေရေးကို ဆောင်ရွက်ပေးခဲ့တာကြောင့် ၆-၂-၂၀၂၃ ရက်၌ စရိတ်များကို ထုတ်ယူပြီးဖြစ်ကာ ၁၁-၂-၂၀၂၃ ရက်၌ စစ်မြေပြင်အဆင့်တိုးဖြင့် ဒုအရာခံဗိုလ်အဆင့်သို့ တိုးမြှင့်ပေးမှာဖြစ်ပါတယ်။

            ရဲဝံ့စွန့်စားပြည်ချစ်သား Call Centerဟာဆိုရင် ပေးပို့လာတဲ့ အချက်အလက်တွေကို အထက်အကြီးအကဲများထံ အဆင့်ဆင့်တင်ပြပေးပြီး အထက်အကြီးအကဲများမှလည်း အလေးထား၍ အချိန်နှင့်တစ်ပြေးညီ အရာရှိ/ စစ်သည်/ ရဲမေများရဲ့ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနေတာကြောင့် မိမိတို့ရဲ့ ကိုယ်ရေးကိုယ်တာ အခက်အခဲများကို ယုံကြည်စွာ လာရောက်ဆွေးနွေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်…။