ချဲလ်ဆီး အသင်းအနေဖြင့် အားကစားသမားများ ထပ်မံခေါ်ယူလျက်ရှိ

ချဲလ်ဆီး အသင်းဟာ ယနေ့ ဇန်နဝါရီ စျေးကွက် နောက်ဆုံးနေ့မှာ အလုပ်အရှုပ်ဆုံး အသင်း ဖြစ်လာပြီး ၊ ဘင်ဖီကာမှ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်ဇ် ရောက်လာဖို့ ကြိုးစားနေကာ တဖက်ကလည်း ရှိရင်းစွဲ ကစားသမား အချို့ကိုလည်း ရှင်းထုတ်ဖို့ ပြင်ဆင်နေပါတယ် ။
မနေ့ တရက် အတွင်းမှာ ချဲလ်ဆီးဟာ အန်ဇို ဖာနန်ဒက်ဇ် အတွက် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၀၅သန်း ကမ်းလှမ်း အပြီးမှာပဲ ကော်နာ ဂေါ်လဂါ ၊ ဟာကင် ဇီယက်ခ်ျ ၊ ဂျော်ဂျင်ဟိုတို့ကို ခေါ်ယူဖို့ အခြား ကလပ်များထံမှ ချဉ်းကပ်မှုတွေ ဆက်တိုက် ရလာခဲ့ပါတယ် ။
ချဲလ်ဆီး အတွက် ယနေ့မှာ ကစားသမား အဝင် ဆိုလို့ အန်ဇို ဖာနန်ဒက်ဇ် တဦးတည်းသာ စောင့်မျှော်စရာ ကျန်နေပြီး ၊ ၄င်းဟာလည်း ချဲလ်ဆီးသို့ ပြောင်းရွှေ့ဖို့ အသင့်ဖြစ်နေတာကြောင့် ၊ ဘင်ဖီကာ ဥက္ကဋ္ဌ ရူဝီ ကော်စတာနဲ့ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေ အပေါ်မှာသာ ရာနှုန်းပြည့် မူတည်နေပါတယ် ။
တဖက်မှာ ချဲလ်ဆီးဟာ ကစားသမားသစ် ၆ဦး ခေါ်ပြီးနောက် အသင်းက ထွက်ခွာလိုတဲ့ အပြင် ကမ်းလှမ်းမှုတွေလည်း လက်ခံရထားတဲ့ ကစားသမား အချို့ ရှိနေပါတယ် ။ ပထမဆုံး အနေနဲ့ ချဲလ်ဆီးဟာ ကော့ဘ်ဟမ်း အကယ်ဒမီထွက် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ကော်နာ ဂေါ်လဂါ အတွက် အဲဗာတန်ထံမှ ပေါင်သန်း ၄၀ ( အပိုဆုကြေး ပေါင် ၅သန်း ) ကမ်းလှမ်းမှု လက်ခံရထားပါတယ် ။
မကြာခင်မှာ အသက် ၂၃နှစ် ပြည့်တော့မယ့် ကော်နာ ဂေါ်လဂါကတော့ ချဲလ်ဆီးကနေ တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ အဲဗာတန်ထံသို့ ပြောင်းရွှေ့လိုခြင်း မရှိပဲ ၊ ကလပ်ဖက်ကတော့ အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူမှာ ဖြစ်လို့ ၄င်းထံမှ မျိုးမျိုးမြတ်မြတ် ရမယ့် အဲဗာတန်ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုနေပါတယ် ။
Deadline Day မှာ ချဲလ်ဆီးကနေ ထွက်ခွာနိုင်တဲ့ နောက်ထပ် ကစားသမား တဦးကတော့ အီတလီ လက်ရွေးစင် ဝါရင့်ကွင်းလယ်လူ ဂျော်ဂျင်ဟို ဖြစ်ပြီး ၊ ခြင်္သေ့ပြာတို့ဟာ မနေ့ကပဲ ၄င်းနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ထံမှ ချဉ်းကပ်မှု ရခဲ့ပါတယ် ။
စာချုပ် သက်တမ်း ၆လသာ ကျန်တော့တဲ့ အသက် ၃၁နှစ် အရွယ်ရှိ ဂျော်ဂျင်ဟိုဟာ လက်ရှိ အချိန် အထိ စာချုပ်သစ် ဆွေးနွေးမှု မရှိထားသလို ၊ ကလပ်ဖက်ကလည်း ၄င်းကို အထိုက်အသင့် ပြောင်းရွှေ့ကြေး တရပ်နဲ့ လိုလိုလားလား ရောင်းချဖို့ ပြင်ဆင်ထားပါတယ် ။
ဒီအပြောင်းအရွှေ့တွေဟာ ကော်နာ ဂေါ်လဂါနဲ့ ဂျော်ဂျင်ဟိုတို့ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာသာ အပြည့်အဝ မူတည်နေပါတယ် ။ နောက်ဆုံး တဦးကတော့ ပီအက်စ်ဂျီထံမှ ရာသီဝက် အငှားနဲ့ ချဉ်းကပ်မှု ခံထားရတဲ့ မော်ရိုကို လက်ရွေးစင် တောင်ပံ ကစားသမား ဟာကင် ဇီယက်ခ်ျပဲ ဖြစ်ပါတယ် ။
အသက် ၂၉နှစ် အရွယ်ရှိ ဇီယက်ခ်ျဟာ လီယွန်နယ် မက်ဆီ ရှိရာ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ဖို့ အလိုရှိနေပေမယ့် ၊ ချဲလ်ဆီးကတော့ ပီအက်စ်ဂျီထံမှ ၆လ အငှားထက် ပိုတဲ့ အပြီးသတ် အပြောင်းအရွှေ့ ( သို့မဟုတ် ) အငှား စာချုပ်မှာ အပြီးသတ် ခေါ်ယူခွင့်ကို ထည့်သွင်းစေချင်နေပါတယ်
လက်ကျန် နာရီပိုင်း အတွင်းမှာ ဒါတွေ အားလုံးက အဖြေပေါ်လာမှာ ဖြစ်ပါတယ် ။ အခြား ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းတွေမှာတော့ အပယ်ခံ ပြင်သစ် ကွင်းလယ်လူ တီမူ ဘာကာယိုကိုကို စီးရီးအေ ကလပ် ခရီမိုးနိစ် အသင်းသို့ ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ် ။
အကယ်ဒမီ ကြယ်ပွင့် ယူ ၂၁ တိုက်စစ်မှူး ဂျုဒ်ဆွန်းစ်အပ်ဘဲလ်ဟာ လန်ဒန်မြို့ခံ ပြိုင်ဖက် တော့တင်ဟမ် အသင်းသို့ အပြီးသတ် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့ဖို့ မနေ့ကပဲ ဆေးစစ်မှု အောင်မြင်ခဲ့တာကြောင့် ယနေ့မှာ အပြောင်းအရွှေ့ ဖြစ်မြောက်ကြောင်း တရားဝင် ကြေညာဖို့ ရှိပါတယ် ။
အလားတူ မနေ့ကပဲ ချဲလ်ဆီးဟာ အင်တာမီလန်ကနေ ယူရိုသန်း ၂၀နဲ့ ခေါ်ထားတဲ့ အီတလီ ဆယ်ကျော်သက် ကွင်းလယ်လူ ချက်ဆာရေး ကာဆာဒေးကို ချန်ပီယံရှစ် ကလပ် ရီးဒင်း အသင်းသို့ ရာသီကုန်တဲ့ အထိ အငှားချလိုက်ပါတယ် ။ နောက်ထပ် ချန်ပီယံရှစ် ကလပ် ဟူးလ်စီးတီးဟာလည်း နောက်ထပ် ချဲလ်ဆီး အကယ်ဒမီ လူငယ် တဦး ဖြစ်တဲ့ ဟာဗီယာ ဆိုင်မွန်စ်ကို အပြီးသတ် ခေါ်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ် ။

#smile