မြေဆီလွှာမှိုဖြူစွဲခြင်း ဘာကြောင့်ဖြစ်လို့ ဘယ်လိုအန္တရာယ်ရှိလဲ

မှိုက အဝါရောင်၊ အဖြူရောင်၊ အစိမ်းရောင်၊ မီးခိုရောင်ဆိုပြီး အရောင်အမျိုးမျိုးရှိပေမယ့် အဖြူရောင်မှိုကတော့ မြေဆီလွှာမှာ အဖြစ်အများဆုံးပဲ ဖြစ်ပါတယ်။

အပင်လေးတွေကျန်းမာဖို့ဆိုရင် အပေါ်ယံမြေဆီလွှာမှာ အော်ဂဲနစ်တွေကြွယ်ဝနေဖို့ သဘာဝမြေဩဇာတွေ များများထည့်ပေးဖို့ဆိုတာပဲ ဖြစ်ပါတယ်။

ဒီလိုသဘာဝမြေဆွေးတွေထည့်ပေးခြင်းခြင်းဖြင့် အိုးထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝသက်ရှိတွေ တိုးပွား စေပြီး မြေဩဇာတက်စေပါတယ်။ ဒီလိုမဟုတ်လို့ အပေါ်ယံ မြေဆီလွှာနဲ့ အပင်လေးတွေရဲ့ ပတ်ဝန်း ကျင်မှာ ပြဿနာရှိလာပြီဆိုရင်တော့ ဦးကြီးတို့ကို ပထမဆုံးပြသမယ့် လက္ခဏာက အဖြူရောင်မှို အစက်အပြောက်လေးတွေပဲ ဖြစ်ပါတယ်။

ဘယ်လိုအခြေအနေတွေမှာ မှိုစစွဲလာနိုင်တာလဲ..?

ရေလောင်းများခြင်း

ရေကအပင်တွေရှင်သန်ကြီးထွားဖို့ မရှိမဖြစ်လိုအပ်တဲ့အရာဆိုပေမဲ့ အများကြီးလောင်းနေမိရင်တော့ ပြဿနာရှိလာတာပေါ့။ အိုးနဲ့စိုက်တဲ့ အပင်ဆိုရင် ပိုသတိထားရပါမယ်။ မြေကလည်းစိုနေမယ် ရေစီးဆင်းမှုကလည်း မကောင်းဘူးဆိုရင်တော့ မှိုစွဲဖို့နဲ့ မှိုတွေကြီးထွားဖို့ အကြိုက်ပါပဲ။

ရေစီးဆင်းမှုမကောင်းခြင်း

အိုးထဲမှာမြေဆီလွှာက အချိန်အကြာကြီး စိုထိုင်းနေမယ်ဆိုရင် အပေါ်မှာပြောခဲ့သလိုပဲ မှိုတွေ ဖြစ်လာ နိုင်ပြီး အပင်သေစေနိုင်ပါတယ်။ ရေတွေကြောင့် ဆွေးမြည့်နေတဲ့အမြစ်၊ ပင်စည်နဲ့ အရွက်တွေက မှိုတွေ ပေါက်ဖွားစေတဲ့ နေရာတွေပဲဖြစ်ပါတယ်။

လေဝင်လေထွက်မကောင်းခြင်း

မြေဆီလွှာက ပူနွေးစိုစွတ်နေမယ်ဆိုရင် မှိုတွေစွဲနိုင်ပါတယ်။ ဒါဆိုရင် အိမ်မှာစိုက်ထားတဲ့ အပင်လေး တွေလည်း မှိုကျပြီပေါ့။ စိုထိုင်းဆများပြီး လေဝင်လေထွက်မကောင်းတဲ့နေရာတွေက မှိုကြိုက်တဲ့ နေရာတွေပဲဖြစ်ပါတယ်။

မြေဆီလွှာထဲမှာမှိုပါလာနေခြင်း

ဒါကတော့ အိုးနဲ့စိုက်တဲ့အပင်လေးတွေအတွက် အိုးထဲမြေကြီးထည့်ရာမှာ သတိထားရမယ့် အချက်ပဲ ဖြစ်ပါတယ်။ အိုးထဲကို မြေကြီးတွေထည့်မယ်ဆို မှိုပါဝင်မှုမကင်းတဲ့ မြေကိုထည့်မိရင်တော့ မှိုရောဂါ ဖြစ်ဖို့ စတင်ပြီလို့ပဲ ပြောနိုင်ပါတယ်။

ပုပ်သိုးဆွေးမြည့်နေတဲ့အရွက်

အိုးထဲက ကြွေကျပြီး သေနေတဲ့အရွက်တွေရှိလို့ရှိရင် မြန်မြန်ကောက်ပြီး ဖယ်ရှားရပါမယ်။ အဲ့အရွက် တွေက မှိုတွေရှင်သန်ကြီးထွားဖို့အတွက် အစာတွေကို ထောက်ပံ့ပေးနိုင်လို့ပါ။

မြေဆီလွှာမှာ မှိုစွဲနေတာက အပင်တွေကို ထိခိုက်နိုင်လားဆိုရင်တော့ …. မှိုတွေကြောင့် တိုက်ရိုက် ထိခိုက်တာမဟုတ်ဘဲ မှိုတွေကိုဖြစ်စေနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေက အပင်ရောဂါတွေကို ဖြစ်စေတာလို့ပဲဆိုရမှာပါ။

မှိုဖြူတွေကြောင့် ထိခိုက်လေ့ရှိတဲ့ စားပင်တွေကတော့ ပဲအမျိုးမျိုး၊ ခရမ်းချဉ်၊ ဆလပ်ရွက်၊ ဂေါ်ဖီထုပ်၊ ရှောက်၊ သံပရာ မျိုးနွယ်ဝင်များ၊ စတော်ဘယ်ရီ၊ ဖရဲသီးနဲ့ ဘလူးဘယ်ရီသီးပင်တွေပဲဖြစ်ပါတယ်။

အိမ်မှာအိုးနဲ့ စိုက်တဲ့အပင်တွေက မှိုဖြူဒဏ်ကို ပိုခံရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင် အခြေအနေနဲ့ မြေပြင်ပေါ်ချစိုက်တဲ့အပင်တွေလိုမဟုတ်ဘဲ ကန့်သတ်ခံထားရတာကြောင့်ပါ။

တကယ်လို့ အိမ်မှာစိုက်ထားတဲ့ အပင်တွေမှိုစွဲနေပြီဆိုရင်

၁။     အိုးအသစ်လဲပါ။

၂။    အိုးကိုနေရောင်ခြည်တွင် တိုက်ရိုက်အခြောက်ခံပါ။

၃။     အပင်မှမှိုတွေကို ဖယ်ရှားပြီး မှိုသတ်ဆေးဖျန်းပါ။

၄။     မှိုတွေဆက်လက်ကြီးထွားမှုကို ကာကွယ်ရန် မြေဆီလွှာထဲသို့ မှိုသတ်ဆေးထည့်ပါ။

၅။    ရေထွက်ကောင်းတဲ့ အပေါက်ပါတဲ့ အိုးတွေကို အသုံးပြုသင့်ပြီးတော့ ရေလောင်းတာကိုလည်း သတိထားရပါမယ်။

၆။     ရောဂါတွေမပြန့်ပွားရန်အတွက် မှိုရောဂါကျနေတဲ့ အပင်တွေကို သေချာဖျက်စီးဖို့က အလွန်အရေးကြီးပါတယ်။

ဘယ်လိုကာကွယ်လို့ရလဲဆိုရင်တော့

၁။     ရေလောင်းတာကို စနစ်တကျလောင်းရပါမယ်။

၂။     အလင်းရောင်ကောင်းကောင်းရရပါမယ်။

၃။     ရေစိမ့်ဝင်စီးဆင်းမှုကောင်းရပါမယ်။

၄။     အပင်တွေကကြွေကျတဲ့ အရွက်ခြောက်တွေ၊ အမှိုက်တွေကို ဖယ်ရှားရပါမယ်။

၅။     လေဝင်လေထွက်ကောင်းရပါမယ်။

၆။     အပင်စိုက်ဖို့ အိုးအဟောင်းတွေကို ပြန်သုံးမယ်ဆိုရင်လည်း သေချာသိမ်းဆည်းထားပြီး ခြောက်သွေ့နေတဲ့ အိုးကိုသာ အသုံးပြုရပါမယ်။

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”