ကြက်အစာစျေးနှုန်းမြင့်မားနေလို့ ကြက်ဥတစ်လုံး ကျပ် ၂၅၀ ပြန်ဖြစ်

ယိုးဒယားကလာတဲ့ ကြက်အစာစျေးနှုန်းမြင့်မားနေလို့ ကြက်ဥတစ်လုံးလျှင်ကျပ် ၂၅၀ အထိပေါက်စျေးရှိနေတယ်လို့ အခြေခံစားသောက်ကုန်စျေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။

“ကြက်အစာစျေးတွေတက်တယ်လို့ပြောတယ်။ကြက်အစာကယိုးဒယားဘက်ကမှာရတယ်။ယိုးဒယားဘက်ကဝယ်ရတာပေါ့၊စျေးကအတော်လေးတက်နေတယ်လို့ပြောပါတယ်၊အရင်ကဆို ၂၂၀ ၊၂၃၀ ရောင်းတဲ့ကြက်ဥက အခု ၂၅၀ လောက်ပြန်ဖြစ်သွားတယ်၊စျေးပြန်တက်လာတာပေါ့။ဘဲဥကတော့ အနိမ့်ဆုံးစျေးကတစ်လုံး ၃၀၀ ပါ၊ဒိုင်ကယူရတဲ့စျေးနဲ့ကျ စျေးကွက်မှာတစ်လုံး ၂၅၀ လောက်မှမရောင်းရင်လည်းမကိုက်ဘူးလေ”လို့ ရန်ကုန်မြို့၊ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ကြက်ဥ၊ဘဲဥရောင်းချသူတစ်ဦးက ပြောပြပါတယ်။

ယခင် ၂၀၂၀ ခုနှစ်၊ကိုဗစ်ကာလမတိုင်ခင်က ငွေကျပ် ၁၀၀၀ ဖိုးဝယ်ယူပါက ကြက်ဥ ၇ လုံးအထိရရှိသော်လည်း ယခုအခါမှာတော့ ငွေကျပ်တစ်ထောင်ဆိုပါက ကြက်ဥ ၅ လုံးခန့်သာရရှိတော့တယ်လို့ စားသုံးသူတွေက ပြောပါတယ်။