ဂျူဗင်တပ်အသင်း ဘာဖြစ်လို့ အမှတ်လျော့ခံရတာလဲ ❓

အီတလီဘောလုံးအဖွဲ့ချုပ်က တရားမဝင်ကစားသမားအပြောင်းအရွေ့တွေပြုလုပ်ခဲ့တဲ့ ဂျူဗင်တပ်အသင်းကို (၁၅)မှတ် လျော့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ အပြောင်းအရွေ့စာရင်းတွေမှာ အတိုးအလျော့ပြုလုပ်ပြီး စာရင်းလိမ်ထားတာတွေ့ရတယ်လို့ အီတလီဘောလုံးအဖွဲ့ချုပ်ကပြောကြားခဲ့ပါတယ်။

ဒါကြောင့် ဂျူဗင်တပ်အသင်းဟာ အဆင့် (၃) နေရာကနေ အဆင့် (၁၀) နေရာအထိ ဆင်းပေးခဲ့ရပါတယ်။ ကလပ်ဥက္ကဌ အက်နယ်လီ၊ ဒုဥက္ကဌ နက်ဗက်စ်အပါအဝင် ဂျူဗင်တပ်ဘုတ်အဖွဲ့တစ်ခုလုံး နိုဝင်ဘာလ အမှုစဖြစ်ကတည်းက နုတ်ထွက်ထားတာပါ။ နက်ဗက်ကလွဲပြီး ကျန်တဲ့ဒါရိုက်တာ (၁၁) ဦး နှစ်ရှည်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

ဂျူဗင်တပ်ကတော့ စွပ်စွဲချက်တွေကို ပယ်ချထားပြီး အယူခံဝင်သွားမယ်လို့ပြောပါတယ်။ ကလပ်ရဲ့ထုတ်ပြန်ချက်မှာတော့ အယူခံဝင်ဖို့ ပြင်ဆင်နေပြီလို့ ဖော်ပြထားပြီး အီတလီအိုလံပစ်ကော်မတီဆီ အယူခံအရင်ဝင်ထားတယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

ဂျုဗင်တပ်အသင်းကို အစိုးရရှေ့နေတွေက (၉) မှတ်လျော့ဖို့တင်ပြခဲ့ပေမယ့် အီတလီဘောလုံးအဖွဲ့ချုပ်က (၁၅)မှတ်ထိ ပြင်းထန်စွာအပြစ်ပေးခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းအပြင်အားကစားဒါရိုက်တာဟောင်း လက်ရှိ စပါးအသင်း အားကစားဒါရိုက်တာလုပ်နေသူ ပါရက်တီဆီကိုလည်း လ(၃၀) ပြစ်ဒဏ်ချခဲ့ပါသေးတယ်။

ဒီပြစ်ဒဏ်တွေကို အီတလီသာမက နိုင်ငံတကာကပါ အရေးယူဖို့ အီတလီဘောလုံးအဖွဲ့ချုပ်က လုပ်ဆောင်မယ်လို့ဆိုပါတယ်။ တကယ်တမ်းဒီအမှုဖြစ်နေတာ ၂၀၂၂ နှစ်ဆန်းပိုင်းကတည်းကပါ။ အဲဒီတုန်းက စွပ်စွဲခံရတဲ့အထဲမှာ ဂျူဗင်တပ်အပြင် စီးရီးအေ (၁၁)သင်း လည်း ပါပါတယ်။ ၂၀၂၂ ဧပြီလမှာ အမှုကို အမိန့်ချခဲ့ပြီး ကွင်းလုံးကျွတ်လွတ်ခဲ့ပေမယ့် အစိုးရရှေ့နေတွေက အမှုထပ်တင်ပြီး ဆွဲခဲ့လို့ ထပ်မံစစ်ဆေးမှုတွေ လုပ်ခဲ့ရတာဖြစ်ပါတယ်။ အမှုက ဆက်လက်ရှိနေဆဲဖြစ်ပြီး ကျန်တဲ့စီးရီးအေအသင်းတွေလည်း မျက်ခုံးလှုပ်နေကြပါပြီ။

CRD;