လှည်းတန်းစံရိမ်ငြိမ် ၅ လမ်းနဲ့ ၆ လမ်းကြားမှာ လုယက်သူတွေသောင်းကျန်းနေ

ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ လှည်းတန်းလမ်းဆုံအနီးက စံရိမ်ငြိမ် ၅ လမ်းနဲ့ ၆ လမ်းကြားမှာ လုယက်သူတွေသောင်းကျန်းနေပြီး လမ်းသွားလမ်းလာတွေ မကြာခဏလုယက်ခံနေရတယ်လို့ ပြောပြလာပါတယ်။

အဲ့ဒီစံရိမ်ငြိမ် ၅ လမ်းနဲ့ ၆ လမ်း၊လမ်းသွယ်ဟာ ပြည်လမ်းမကြီးနဲ့ အင်းစိန်လမ်းမကြီးဆက်သွယ်ပေးထားတဲ့ လမ်းသွယ်တစ်ခုဖြစ်ပြီး အဲ့ဒီလမ်းလွယ်အတွင်းမှာ လုယက်သူတွေက လမ်းသွားလမ်းလာတွေကိုဓါးနဲ့ထောက်ပြီး လုယက်နေတာဖြစ်တယ်လို့ သိရပါတယ်။ဒီကနေ့ ဇန်နဝါရီ ၂၄ ရက် မွန်းလွဲပိုင်းအချိန်မှာလည်း အဲ့ဒီလမ်းသွယ် အတွင်းမှာ ဓါးထောက်လုယက်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနေ့နေ့လယ်လောက်မှာဘာကိုလုပြေးတာလဲတော့မသိဘူး။လုတယ်ဆိုပြီးကြားရတာအဲ့နားမှာရှိနေတဲ့အလုပ် သမားတွေကတော့၀ိုင်းလိုက်ပေးကြတာပဲ၊မိလား၊မမိလားတော့သိဘူး။ဒီနားမှာလုယက်မှုတွေကခဏခဏဖြစ်တယ်။ ဓါးထောက်လုတယ်၊ဖုန်းတွေ ပိုက်ဆံအိတ်တွေခဏခဏအလုခံရတယ်။ဒီလမ်းထဲမှာနေတဲ့သူတွေက လမ်းထဲမှာ လုယက်သူတွေရှိတာကိုသိတော့ အပြင်သွားရင်ဖုန်းတွေ ပိုက်ဆံအိတ်တွေ မယူသွားကြဘူး၊ဖြတ်သွားဖြတ်လာ လုပ်တဲ့သူတွေ အဆောင်လာနေတဲ့ သူတွေမသိတဲ့လူတွေကျ လက်ထဲဖုန်းကိုင်သွား၊ပိုက်ဆံအိတ်ကိုင်သွားနေ တော့ သူတို့ကိုလုတဲ့သူတွေကအဓိကပစ်မှတ်ထားပြီးလုပ်နေသလိုဖြစ်နေတာပေါ့။လုယက်မှုတွေက ဒီနားမှာ ခဏခဏဖြစ်တယ်၊ဂရုစိုက်ပြီးသွားလာကြတာအကောင်းဆုံးပါ”လို့ အဲ့ဒီအနီးပတ်ဝန်းကျင်မှာ နေထိုင်သူတစ်ဦးက ပြောပြပါတယ်။

မကြာသေးခင်ရက်ပိုင်းအတွင်းက အဲ့ဒီလမ်းသွယ်အတွင်းမှာရှိတဲ့ လူမနေတဲ့ခြံတစ်ခြံရဲ့ ဘေးပတ်လည်မှာ ကာရံထားတဲ့ သံတိုင်ခြံစည်းရိုးတိုင်အကန့်နှစ်ကန့်လည်း ဖြုတ်ခိုးခံခဲ့ရတယ်လို့ သိရပါတယ်။

“အဲ့ဒီခြံကလူမနေဘူးလေ၊ဒီလမ်းက စနေ၊တနင်္ဂနွေတွေဆိုလူပြတ်တယ်၊ဆိုင်တွေလည်းပိတ်တော့ တနင်္ဂနွေနေ့က အခိုးခံရတယ်လို့ကြားတယ်။ဘယ်လိုဖြုတ်ခိုးသွားလဲတော့မသိဘူး၊အခုခြံစည်းရိုးကိုသွပ်ပြားနှစ်ချပ်နဲ့ကားထားတာတွေ့ရတယ်”လို့ အဲ့ဒီအနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်းကလည်း ပြည်လမ်းမကြီးပေါ်ရှိ မာလာကားမှတ်တိုင်အနီးမှာ ဗရာကြော်ရောင်းချသူ စျေးသည်ထံမှ ဖုန်းကိုလုယက်သူတွေကလုယူကာ စံရိမ်ငြိမ် ၅ လမ်းနဲ့ ၆ လမ်းအတွင်းသို့ဝင်ရောက်ထွက်ပြေးသွား မှုတစ်ခုလည်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။