ဘဝကိုသိပါ ဘဝကိုသတိရှိပါ

ဖားတွေက ဆောင့်ကြောင့်လေး ထိုင်တတ်တာကို ” ငါ ခြင်္သေ့ပါလား ” လို့ဆိုပြီး မာန်တွေတက်နေကြတယ် ။
တစ်ချိန်မှာ ကျီးကန်းကလာပြီး ထိုးသုတ်တော့မှ ပိညှပ် ပိညှပ်လို့ အော်ပြီး ပါသွားကြရတယ် ။

ပုထုဇဉ်တွေကလည်း ကျန်းမာရေးလေး ကောင်းတုံး အလုပ်အကိုင် ရာထူးတွေ အဆင်ပြေနေတုန်း ( ဆောင့်ကြောင့်လေး ထိုင်တက်ရုံ) ကို
ငါခြင်္သေ့ပါတကားလို့ အောက်မေ့ပြီး မာန်မာနတွေ တက်နေကြတယ်။

နာခြင်း သေခြင်း ပျက်ဆီးဆုံးရှုံးခြင်းတွေနဲ့ တစ်နေ့ကြုံလာတဲ့အခါကျမှ မျက်နှာလေး ဆီးရွက်လောက်နဲ့ အော်ပြီး လိုက်သွားကြရတယ် ။

” သေခြင်း” ဆိုတဲ့ ဒီစာမေးပွဲက လောကမှာ အခက်ခဲဆုံး စာမေးပွဲ ။

ပိုက်ဆံ ရှိရှိ မရှိရှိ ၊ ပညာတတ်တတ် မတတ်တတ်
ငြင်းဆန်မရ။ လူတိုင်းဖြေရမယ့် စာမေးပွဲ။
ဘဝခန္ဓာ အကြောင်းဟူသော အကျယ်ပြန့်ဆုံးနှင့် အနက်နဲဆုံး ပြဋ္ဌာန်းစာရှိတဲ့ စာမေးပွဲ။
ခိုးချလို့ မရတဲ့ တခြားဘယ်လို မသမာမှုမျိုးကိုမှ သုံးလို့မရတဲ့ စာမေးပွဲ ။
ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေ ကိုယ်တိုင် အမှတ်ပေးပြီး ကိုယ်တိုင် အရှုံးအနိုင်ကို ဆုံးဖြတ်ရမယ့် အထူးခြားဆုံးသော စာမေးပွဲ။

သင်ယူလေ့လာချိန် သတ်မှတ်ချက် မရှိ။ ဖြေချင်တဲ့အချိန် ဖြေရမဲ့ ကြောက်စရာ အကောင်းဆုံး စာမေးပွဲ
ဖြေဆိုရမဲ့နေရာ သတ်မှတ်ချက်မရှိ ကြုံရာကျပန်း ဖြေချင်တဲ့နေရာ ဖြေရမယ့် ခန့်မှန်းရ အခက်ဆုံး စာမေးပွဲ ။

မဖြေနိုင်လို့ ကျရှုံးခဲ့ရင် အနစ်နာဆုံး၊ အထိခိုက်ဆုံး ဖြစ်မယ့် စာမေးပွဲ ။ တချို့က ဒီစာမေးပွဲကြီး အကြောင်းကို မသိကြလို့
“မိုက်အားကြီးပြီး” စာပိုင်အောင် မလုပ်ထားမိကြဘူး ။

တချို့ကျတော့လည်း ဒီစာမေးပွဲကြီး အကြောင်းကို သိပါလျက်နဲ့ “မေ့အားကြီးပြီး” စာပိုင်အောင် လုပ်မထားကြပြန်ဘူး။

မသိလို့ မလုပ်သူပဲဖြစ်ဖြစ် ၊ သိလျက်နဲ့ မလုပ်သူပဲဖြစ်ဖြစ် စာမလုပ်ရင်တော့ စာမေးပွဲကျမှာက အတူတူပဲ ။

သေခြင်းတည်းဟူသော ဤစာမေးပွဲကြီးကို အကြိမ်ပေါင်း အသင်္ချေ အနန္တဖြေခဲ့သော်လည်း မအောင်မြင်သေးသဖြင့် ယခုတစ်ဖန်
ထပ်မံ၍ ဖြေရပါဦးမည် ။

အခုတစ်ကြိမ် မအောင်မြင်လျှင် နောက်တစ်ကြိမ် ထပ်မံ၍ ဖြေရပါမည် ။

နောက်တစ်ကြိမ် မအောင်မြင်လျှင်လည်း ဟိုး … နောက်တစ်ကြိမ်ထပ်ပြီး ဖြေရပါမည် ။

တကယ်စင်စစ် ဤစာမေးပွဲကြီးသည် မအောင်မချင်း ဖြေနေရမည့် စာမေးပွဲကြီး ဖြစ်ပါသည် ။

မအောင်မချင်း ဖြေနေရသည့် အလုပ်ကြီးကို ပျင်းပျင်း မပျင်းပျင်း လုပ်နေကြရပါမည် ။

မည်မျှ ငြီးငွေ့ဖွယ် ကောင်းလိုက်ပါသနည်း ။

ထို့ကြောင့် ဤစာမေးပွဲကြီး အောင်မြင်သွားဖို့အတွက် “ဘဝခန္ဓာဆိုတာ ဒီသေတာပဲ” လို့ ဘဝခန္ဓာရဲ့ အကြောင်းကို
သစ္စာဆိုက်သည်အထိ အမှန်သိအောင် “ဘဝခန္ဓာဟူသော ပြဋ္ဌာန်းစာ” ကို “သတိပဋ္ဌာန် ” နည်းပညာသုံးပြီး
လေ့လာသင်ယူကြရပါမည် ။

သစ္စာရွှေစည် ဆရာတော်