ရန်ကုန်မြို့တွင်းက အငှားယာဉ်တွေ City Taxi မှတ်ပုံတင်ဖို့ ဒဏ်ကြေးမကောက်ဘဲ ပြုလုပ်ပေးနေတယ်လို့ YRTC ပြော

City Taxi မှတ်ပုံတင်ခြင်းမပြုလုပ်ရသေးတဲ့အငှားယာဉ်များ ဒဏ်ကြေးကောက်ခံတာ မရှိပဲ မှတ်ပုံတင်ပြုလုပ်နေပြီ လို့ ရန်ကုန်တိုင်းပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကော်မတီ YRTCကနေသိရပါတယ်။

အဆိုပါ မှတ်ပုံတင်သက်တမ်းတိုးပေးခြင်းကို YRTC မှကြီးမှူးပြီး ရန်ကုန်တိုင်းဒေသကြီး ဒဂုံ(မြောက်ပိုင်း)မြို့နယ် ပင်လုံလမ်းရှိ ရန်ကုန်စီးတီး တက္ကစီအသင်းရုံးမှာဆောင်ရွက်ပေးလျက်ရှိကာမှတ်ပုံတင်ကြေးကျသင့်ငွေ၈၅၀၀ကျပ် သာ ပေးသွင်းစေပြီး သက်တမ်းတိုးခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါတယ်။

“အရင် City Taxi မှတ်ပုံတင်ထားပြီး အခုမှတ်ပုံတင်သက်တမ်းကျော်လွန်နေ တဲ့ အငှားယာဉ်တွေ၊ ဆက်ပြီးတော့ မှတ်ပုံမတင်တဲ့ အငှားယာဉ်တွေရှိပါတယ်။ အဲဒီယာဉ်တွေကို ဒဏ်ကြေးမကောက်ဘဲ မှတ်ပုံတင်ကြေးအပါအဝင် စုစုပေါင်းကျသင့်ငွေ ငွေကျပ် ၈၅၀၀ ကောက်ခံပြီး မှတ်ပုံတင်သက်တမ်းတိုးပေးနေပါတယ်” ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က မီဒီယာတွေကို ပြောထားပါတယ်။

လက်ရှိမှာ မှတ်ပုံတင်သက်တမ်းတိုး ခြင်းများ လာရောက်ဆောင်ရွက်တဲ့အခါ မှတ်ပုံတင်ကြေး ငွေကျပ် ၃၀၀၀၊ ယာဉ်မောင်း ကတ်အတွက် ငွေကျပ် ၆၀၀၊ ကတ် ထည့်တဲ့ Stand အတွက် ငွေကျပ် ၃၅၀၀ နဲ့ City Taxi နံပါတ်စတေကာအတွက် ငွေကျပ် ၁၄၀၀ စုစုပေါင်း ငွေကျပ် ၈၅၀၀ကျပ် သာ ကောက်ခံကြောင်းသိရပါတယ်။